Trump Foundation ဖျက်သိမ်း

သမ္မတ Donald Trump ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်ထွန်းအောင် သူ့ရဲ့ကိုယ်ပိုင် Trump Foundation ကုသိုလ်ဖြစ် လူမှုရေးဖောင်ဒေးရှင်းကို အသုံးချခဲ့တယ်လို့ နယူးယောက်ပြည်နယ် တရားသူကြီးချုပ်က တရားစွဲဆိုခဲ့တာကြောင့် အဲဒီ လူမှုရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းပစ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အပါအဝင် Trump Foundation ကို ရည်ရွယ်ချက် ရှိရှိ အလွဲ သုံးစား လုပ်ဆောင်ထားတဲ့ တရားမဝင် လုပ်ရပ်တွေကို သူတို့ရုံးက အသေးစိတ် တင်ပြထားကြောင်း နယူးယောက်ပြည်နယ် တရားသူကြီးချုပ် Barbara Underwood က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် သမ္မတ Trump ဟာ Trump Foundation ကို သူ့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးစီးပွားတွေအတွက် ငွေကြေး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းသာသာ သဘောထားခဲ့ကြောင်းလည်း Underwood က ပြောပါတယ်။

ဖောင်ဒေးရှင်းမှာ ရှိနေတဲ့ ရံပုံငွေတွေကိုတော့ သူ့ရုံးရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့အညီ လာမယ့် ရက်ပေါင်း ၃၀ အတွင်း ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေကို ခွဲဝေပေးသွားမှာဖြစ်ကြောင်း ဒီမိုကရက်ပါတီဝင်တဦးဖြစ်တဲ့ Ms. Underwood က ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ ၁၉၈၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Trump Foundation အပေါ် နယူးယောက်ပြည်နယ် တရားရုံးက တရားစွဲဆိုမယ့် လုပ်ငန်းစဉ်တွေကို ပြီးဆုံးသွားစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Your browser doesn’t support HTML5

Trump Foundation ဖျက်သိမ်း