မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထပ်မံ တွေ့ဆုံဖို့ ကန်သမ္မတ မျှော်လင့်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ နှစ်သစ်မှာ ထပ်မံတွေ့ဆုံဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ ၂၀၁၈ ခုနှစ်ထဲ အမေရိကန်နဲ့ စိတ်စေတနာကောင်းကောင်း ဆက်ဆံမှုမျိုးတွေ နှစ်သစ်မှာ ဖြစ်ချင်မှ ဖြစ်တော့မယ့်အကြောင်း နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားတာပါ။

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိနေမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ပုံစံတမျိုးနဲ့ ချဉ်းကပ်ကောင်း ချဉ်းကပ်ရမယ့်အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က ပြောဆိုလိုက်ပြီးနောက် မနေ့တုန်းကပဲ သမ္မတ Trump က နောက်တကြိမ် တွေ့ဆုံမှုအပေါ် အကောင်းမြင် သဘောထားကို Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတနဲ့ အချိန်မရွေး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက ကြိုဆိုမယ့် ရလဒ်မျိုးတွေ ထွက်ပေါ်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား ခေါင်းဆောင်က ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း မြောက်ကိုရီးယား ပြည်သူတွေရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းအပေါ် အတွက်မှားပြီး၊ ဖိအားတွေ ပေးလာခဲ့မယ်၊ ကမ္ဘာ့အလယ်မှာ ပေးထားတဲ့ ကတိမတည်ဘဲ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ဖို့ ကြိုးပမ်းလာမယ် ဆိုရင်တော့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိဖို့ တခြားနည်းလမ်းရှာဖို့ကလွဲပြီး ရွေးစရာ မရှိတော့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်တွေကို ထုတ်လုပ်တာ၊ စမ်းသပ်တာတွေ ဒါမှမဟုတ် အသုံးပြုတာ၊ ဖြန့်ချီတာတွေလည်း ဆက်လုပ်ဖို့ မရှိကြောင်းလည်း မနေ့တုန်းက နှစ်သစ်ကူးမိန့်ခွန်းမှာ Kim Jong Un ကပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ် ဇွန်လထဲ စင်္ကာပူနိုင်ငံမှာ ထိပ်သီးတွေ့ဆုံခဲ့ပြီး နောက်ပိုင်းကစလို့ ၂ ဘက်အကြား စေ့စပ်ညှိနှိုင်းမှုတွေ တိုးတက်မှုမရဘဲ ရပ်တန့်နေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထပ်မံ တွေ့ဆုံဖို့ ကန်သမ္မတ မျှော်လင့်