တယ်လီဖုန်းခိုးနားထောင်မှု Trumpစွပ်စွဲချက်သက်သေပြဖို့ အိမ်ဖြူတော် အချိန်တိုးတောင်းခံ

အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက အခုသမ္မတ Donald Trump နေတဲ့ New York မြို့က Trump Tower ရဲ့ဖုန်းတွေကို အဲဒီအချိန်ကသမ္မတ Barack Obama ကကြားဖြတ်ခိုးနားထောင်တယ်လို့ သမ္မတ Trump စွပ်စွဲခဲ့တာနဲ့ပါတ်သက်လို့ လွှတ်တော်စုံစမ်းရေး ကော်မတီတွေက အထောက်အထားပေးဖို့တောင်းဆိုထားတာကို အချိန်ထပ်ပေးဖို့ တရားရေးဌာနက တောင်းဆိုလိုက်ပါတယ်။

သမ္မတ Trump က Twitter လူမှုကွန်ယက်ပေါ်မှာ ဒီလအစောပိုင်းက ရေးသားစွပ်စွဲခဲ့ပေမဲ့ သက်သေအထောက်အထား မပြခဲ့ပါဘူး။ Mr. Obama ကိုယ်တိုင်ဖုန်းတွေကို ခိုးနားထောင်တယ်လို့ သမ္မတ Trump ကဆိုလိုတာမဟုတ်ပါဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကလည်း တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

သမ္မတ Trumpစွပ်စွဲထားတဲ့ကိစ္စကို Mr. Spicer က ပြန်ပြီးဖာထေးတဲ့အနေနဲ့ သမ္မတအိုဘားမားကိုယ်တိုင် Trump ရဲ့ဖုန်းကို ကြားဖြတ် ခိုးနားထောင်တယ်လို့Trump က မထင်ပါဘူးလို့ဆိုခဲ့တာပါ။ သမ္မတ Trump က Twitter ပေါ်မှာ အတိအကျစွပ်စွဲပြောခဲ့တာအတွက် သူ့မှာ သက်သေပြစရာမရှိပါဘူးလို့ အိမ်ဖြူတော်အကြံပေးတယောက်ဖြစ်တဲ့ Kellyanne Conway ကလည်း တနင်္လာနေ့အစောပိုင်းက ပြောခဲ့ပါတယ်။

သက်သေအထောက်အထားပြဖို့က သူ့အလုပ်မဟုတ်ဘူးလို့ CNN နဲ့မေးမြန်းခန်းမှာ Ms. Conway ကပြောခဲ့တာပါ။ သမ္မတ Trump ကစွပ်စွဲပြောခဲ့သလို ဖုန်းကြားဖြတ်ခိုးနားထောင်ခံရတယ်ဆိုတာနဲ့ပါတ်သက်လို့ အိမ်ဖြူတော်ကရော ထောက်လှမ်းရေး အကြီးအကဲတွေကပါ သက်သေအထောက်အထား တစုံတရာ မပြနိုင်ကြသေးပါဘူး။

သမ္မတဟောင်းအိုဘားမားရဲ့ပြောခွင့်ရသူကတော့ ဒါဟာ မမှန်ကန်တဲ့ ပြောဆိုမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ စွပ်စွဲခဲ့မှုကို သက်သေပြနိုင်မယ့် အထောက်အထားတွေကို တနင်္လာနေ့ နောက်ဆုံးထား တင်ပြဖို့အတွက် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက နောက်ဆုံးအချိန်သတ်မှတ်ထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တယ်လီဖုန်းခိုးနားထောင်မှု Trump စွပ်စွဲချက်သက်သေပြဖို့ အိမ်ဖြူတော်အချိန်တိုးတောင်းခံ