အမေရိကန် သမ္မတ Donald Trump အနေနဲ့ ပါတီကြီး နှစ်ဘက်သဘောတူ လိုက်တဲ့ကြီးမားကျယ်ပြန့်တဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို လက်မှတ်ထိုးပေးလိုက်တာကြောင့်အစိုးရလုပ်ငန်းတချို.ရပ်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်လိုက်ပါပြီ။
ကိစ္စရပ်ပေါင်းစုံအတွက်ပါတဲ့ ဒီ ဘတ်ဂျက်က အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ရာတွေနဲ့ချီတဲ့အထိ ကြီးမားတာကြောင့် ပြည်တွင်းလုပ်ငန်းအစီအစဉ်တွေ၊ အရေးပေါ်သဘာဝဘေးဒဏ်တွေနဲ့ စစ်တပ်အတွက် အသုံးစရိတ်တွေကို အများကြီး မြှင့်တင်ပေးလိုက်ပါတယ်။
အမေရိကန် လွှတ်တော်အမတ်တွေဘက်ကနေ မနေ့ သောကြာနေ့က အောင်မြင်စွာ ညှိုနှိုင်းအတည်ပြုပေးအပြီး ထွက်ပေါ်လာတဲ့ ဒေါ်လာ ဘီလီယံ ၄၀၀ ရှိတဲ့ ဒီ ဘတ်ဂျက်ဥပဒေကြမ်းကို သမ္မတ Trump ဖက်က အတည်ပြုပေးရာမှာအခမ်းအနားကြီးကြီးကျယ်ကျယ်လုပ်ခဲ့တာတော့ မရှိပါဘူး။
ခုလို အခမ်းအနားကြီးမလုပ်ပဲ လက်မှတ်ထိုးခဲ့တဲ့အပေါ် အိမ်ဖြူတော် အရာရှိတွေကခုလိုဖြစ်ရတာက သမ္မတ Trump အနေနဲ့ အစိုးရရဲ့ ကြီးမားလာနေတဲ့ လိုငွေပြမှုကို ထပ်တိုးစေနိုင်တာတွေ နောက်ဆုံးကပ်ပြီး ထပ်ထည့်လိုက်တာကို မကျေနပ်ကြောင်း ပြလိုက်တာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဒီဘတ်ဂျက်လက်မှတ်ထိုးအပြီး သမ္မတ Trump အနေနဲ့ တွစ်တာ အင်တာနက်လူမှုကွန်ယက်ပေါ်တက်ပြီး ဥပဒေကြမ်းကို ခုပဲ လက်မှတ်ထိုးပေးလိုက်ပြီ၊ အမေရိကန် စစ်တပ်ဟာ အခု အရင်ထက် ပိုအားကောင်းသွားတော့မယ်လို့ ရေးခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ Trump က ဆက်ပြီးဒီစစ်တပ်မျိုး လိုအပ်နေပြီး၊ စစ်တပ်အပေါ် ချစ်မြတ်နိုးကြောင်း၊ စစ်တပ်လိုတာအကုန်ပေးတာအပြင် ပိုတောင် ပေးဖို့ရှိတယ်လို့ ရေးခဲ့ပါတယ်။
Your browser doesn’t support HTML5
ကန်အစိုးရသုံးငွေ ခွင့်ပြုချက်ဥပဒေ သမ္မတ Trump လက်မှတ်ထိုး