တူရကီလေဆိပ် တိုက်ခိုက်မှု မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး

တူရကီလေဆိပ် တိုက်ခိုက်မှုတွင်း အသက်ဆုံးခဲ့ရသူများ အောက်မေ့ဖွယ်။ (ဇွန် ၃၀၊ ၂၀၁၆)

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က နိုင်ငံတကာလေဆိပ်ကို အင်္ဂါနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေဟာ ရုရှား၊ ဥဇဘက်ကစ္စတန်နဲ့ ကာဂစ္စတန်နိုင်ငံတွေကဖြစ် တယ်လို့ တူရကီနိုင်ငံက ပြောလိုက်ပါတယ်။

တိုက်ခိုက်မှုကို IS အစွန်းရောက်တွေက လုပ်တာလို့တော့ တူရကီတာဝန်ရှိသူတွေက ဆက်ပြီး ယူဆထားဆဲဖြစ်ပေမဲ့ တိုက်ခိုက် သူတွေရဲ့နာမည်တွေကိုတော့ ထုတ်မပြောပါဘူး။ အဲဒီလူတွေဟာ အင်္ဂါနေ့က Ataturk နိုင်ငံတကာလေဆိပ်မှာ ခရီးသွားတွေနဲ့ အလုပ်သမားတွေကို သေနတ်တွေနဲ့ပစ်ပြီး အသေခံဗုံးခွဲခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဥရောပမှာ အသွားအလာအများဆုံး လေဆိပ်ကို တိုက်ခိုက်ခံရ တာကြောင့် သေဆုံးသူအရေအတွက် ၄၃ ယောက်ထိ ရှိသွားပြီး နောက်ထပ် ၂၃၀ ကျော်လည်း ဒဏ်ရာရခဲ့တာပါ။

ဒီကနေ့မှာတော့ အစ္စတန်ဘူလ်မြို့ လူနေရပ်ကွက်သုံးခုက နေရာ ၁၆ နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေပြီး IS အဖွဲ့နဲ့ အချိတ်အဆက်ရှိတယ်လို့ သံသယရှိတဲ့ လူ ၁၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအနောက်ပိုင်းက Izmir ကမ်းရိုးတန်းမြို့မှာလည်း လူ ကိုးယောက်ကို ဖမ်းခဲ့တယ်လို့ နိုင်ငံပိုင် Anadolu သတင်းဌာန က ပြောပါတယ်။ အဲဒီလူတွေကိုတော့ ဘဏ္ဍာငွေကြေးပိုင်း၊ လူသစ်စုတာနဲ့ သယ်ယူပို့ဆောင်ရေးပိုင်း ကူညီထောက်ပံ့ တာတွေ အပါအဝင် ဆီးရီးယားက IS အဖွဲ့နဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့သံသယနဲ့ ဖမ်းတာပါ။

Your browser doesn’t support HTML5

တူရကီလေဆိပ် တိုက်ခိုက်မှု မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး