ရိုဟင်ဂျာ ၃ ဦး ထိုင်းလူမှောင်ခိုကားထဲ သေဆုံး

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ဇွန် ၄၊ ၂၀၂၂)

ထိုင်းနိုင်ငံ Chumphon ခရိုင်မှာ လူမှောင်ခိုတွေ ပြွတ်သိပ်တင်လာတဲ့ ကုန်တင်ကားထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူမှောင်ခိုသမားတွေလို့ ယူဆရသူ နှစ်ဦးကိုလည်း ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။

Chumphon ခရိုင်ထဲက တောအုပ်ထဲမှာ သေဆုံးနေတဲ့ အလောင်းနှစ်လောင်းအပြင် အသက်မသေ ကျန်နေသေးသူ ၈ ဦးကို လမ်းမှာဖြတ်သွားတဲ့ ဘုန်းကြီးတပါးက တွေ့ခဲ့တာပါ။ အဲဒီ ၈ ဦးထဲက ၇ ဦးမှာ ဒဏ်ရာရထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

အသက်ရှင်ကျန်နေသူ အပြောအရ လူမှောင်ခိုတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂၆ ယောက်ကို ထိုင်း မြန်မာနယ်စပ်ကနေ ကားတစီးထဲမှာ ပြွတ်သိပ်တင်လာခဲ့တာလို့ ပြောပါတယ်။ ကားပေါ်ပါလာသူတွေအပြောအရ တချို့ ထိခိုက် အနာတရဖြစ်တာကို လူမှောင်ခိုတွေက သိရှိပြီးနောက် သူတို့ကို လမ်းမှာ ဒီတိုင်းပစ်ထားခဲ့တယ်လို့ ရဲရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရိုဟင်ဂျာ ၁၆ ယောက်ကတော့ ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။ သံသယရှိတဲ့ ထိုင်းကားသမား နှစ်ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေပြီး သူတို့ရဲ့ ကုန်တင်ကားတွေကိုလည်း သိမ်းဆည်းထားပါတယ်။

မြန်မာနိုင်ငံတွင်း ခွဲခြား ဖိနှိပ် ဆက်ဆံခံရမှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ထောင်နဲ့ချီဟာ အခုလို အသက်စွန့်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ ကနေတဆင့် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားကြလေ့ ရှိပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှု တွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရသလို၊ ဒီဖြစ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ဆိုပြီး မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ တရားရုံးမှာ အမှုရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သန်းနဲ့ချီ ရှိနေပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာ ၃ ဦး ထိုင်းလူမှောင်ခိုကားထဲ သေဆုံး