ယူကေနိုင်ငံက ဇိမ်ခံသင်္ဘောတွေဆောက်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီတခုကို တင်သွင်းခွင့်တားမြစ် ထားတဲ့ မြန်နိုင်ငံကကျွန်းသစ်တွေ ဝယ်ယူအသုံးပြုမှုနဲ့ ပေါင်ငွေ ၃ သိန်းခွဲကျော် ဒဏ်ကြေးနဲ့ သိမ်းဆည်းမှုတွေလုပ်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
ယူကေနိုင်ငံ၊ အနောက်တောင်ပိုင်း Dorset ခရိုင်၊ Poole ကမ်းခြေမြို့မှာအခြေစိုက်တဲ့ Sunseeker International လိမိတက်အနေနဲ့ သွင်းကုန်ဥပဒေချိုးဖောက်မှုတွေအတွက် ဒဏ်ငွေအဖြစ် စတာလင် ပေါင်ငွေ ၂၄၀,၀၀၀ အပြင် တန်ဘိုးပေါင်ငွေ၆၇,၀၀၀ နီးပါးရှိတဲ့ ပစ္စည်းတွေပါသိမ်းယူဖို့နဲ့ တရားစွဲဆိုခ ပေါင်စတာလင် ၅,၁၀၀ နဲ့ ထိခိုက်နစ်နာကြေး ပေါင်စတာလင် ၁၉၀ တို့ကို ပေးအပ်ဖို့ သောကြာနေ့ကပဲ စီရင်ချက် ချလိုက်တဲ့အကြောင်း အမှုကို စတင်ဖော်ထုတ်ခဲ့တဲ့ လန်ဒန်မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (EIA) ကဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံကနေ တရားမဝင် ကျွန်းသစ်တွေ တင်သွင်းအသုံးပြုမှုအတွက် ၂၀၁၈ ခုနှစ်က တရားရုံးမှာ စတင်တရားစွဲဆိုခဲ့တဲ့ EIA အဖွဲ့ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ကို ကြိုဆိုလိုက်ပြီး - ဒါဟာ မြန်မာနိုင်ငံက တင်သွင်းတဲ့ကျွန်းသစ်တွေကို အသုံးမပြုဖို့ သူတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုမှာ သမိုင်းဝင် စီရင်ချက်တခုဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံ အီးယူအဖွဲ့ထဲက ခွဲထွက်ခဲ့ပြီးတဲ့နောက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေအရ သူတို့အနေနဲ့ ပြစ်မှု ရှိကြောင်း Sunseeker ကုမ္ပဏီက အစောပိုင်းမှာ ဝန်ခံထားပြီး ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကကျွန်းသစ်တွေအပါအဝင် အာဖရိကတိုက်က သစ်မာအမျိုးအစား ပေါင်စတာလင် ၆၀,၀၀၀ ဖိုး ဝယ်ယူ တင်သွင်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။ အခုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီအပေါ်တင်ထားတဲ့ စွဲချက် ၁၁ ချက်အပေါ် အခြေခံပြီး ချမှတ်ခဲ့တာဖြစ်ပေမယ့်ကုမ္ပဏီဘက် တခြား ကျူးလွန်ထားတာတွေ အများအပြား ရှိနေသေးတယ်လို့ တရားသူကြီးက ပြောပါတယ်။
ဝန်ထမ်း ၂,၀၀၀ ရှိတဲ့ Sunseeker International ဟာ Dorset ခရိုင်အတွင်း အလုပ်အကိုင် အများဆုံး ခန့်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး သူတို့ဟာ ကမ္ဘာမှာအကောင်းဆုံး စက်တပ်ဇိမ်ခံ ရွက်လှေတွေထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် ကြေညာရောင်းချနေတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5