ယူကရိန်း ခွဲထွက်ဒေသတွေကို အသိအမှတ်ပြုတဲ့ ရုရှားအစိုးရ ဝေဖန်ခံရ
{{Zawgyi/Unicode}}
ယူကရိန်းက ခွဲထွက်ကြောင်းကြေညာထားတဲ့ ဒေသ ၂ ခုကို ရုရှားက လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် အသိအမှတ်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိုင်းအဝန်းက ပြစ်တင်ဝေဖန်လိုက်ကြပြီး သံတမန်ရေးနည်းနဲ့ အဖြေရှာဖို့လည်း တိုက်တွန်းနေကြပါတယ်။
ယူကရိန်းအပေါ် တိုက်ခိုက်တာဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်ကို တိုက်ခိုက်ရာ ရောက်တာကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ မြန်မြန်ဆန်ဆန် ရင်ဆိုင်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linder Thomas Greenfield တနင်္လာနေ့နှောင်းပိုင်းမှာ ပြောဆိုခဲ့တာပါ။ သဘောထားကွဲပြားမှုတွေကို သက်ဆိုင်ရာ နိုင်ငံတွေကြား သံတမန်ရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ရုရှားရဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်ရာရောက်ပြီး၊ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ယူဆကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။
တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားရဲ့လုပ်ရပ်ဟာ ယူကရိန်းရဲ့ အချုပ်အခြာ၊ နိုင်ငံရေးအရ စုစည်းညီညွတ်မှုနဲ့ နယ်နမိတ်ပိုင်ဆိုင်မှုတွေကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ကျိုးကြောင်းဆီလျော်တဲ့ အဖြေရှာကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဥရောပသမဂ္ဂနဲ့ ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေကလည်း ရုရှားရဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချလိုက်ကြပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ တုံ့ပြန်မယ့်အကြောင်း ပြောဆိုခဲ့ကြတာပါ။
ဂျာမဏီ၊ ဂျပန်၊ ဂရိစ်၊ တောင်ကိုရီးယားနိုင်ငံတွေကလည်း ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။
အီရန်ကတော့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကိုဝင်ရောက်စွက်ဖက်တယ်လို့ ပြစ်တင်လိုက်ပေမယ့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ပြောဆိုပါတယ်။ ဆီးရီးယားကတော့ ရုရှားကို ထောက်ခံကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Your browser doesn’t support HTML5
....................................................
{{Zawgyi/Unicode}}