မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး ကုလအကြီးအကဲတောင်းဆို

အာဆီယံခေါင်းဆောင်တွေနဲ့အတူတွေ့ရတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres (အောက်တိုဘာ ၁၁၊ ၂၀၂၄)

မြန်မာပြည်သူတွေ ငြိမ်းချမ်းနိုင်ဖို့ နိုင်ငံအားလုံး ကြိုးစားပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကအာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။ မြန်မာအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာတာကို ထောက်ပြပြီး ငြိမ်းချမ်းရေးဟာ အရင်ကထက် မဖြစ်မနေ လိုအပ်လာနေပြီလို့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ သူက ပြောကြားခဲ့ပါတယ်။

"ငြိမ်းချမ်းမှုလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံအားလုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် နားချနိုင်မှုကို သုံးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးနည်းအရ အဖြေရှာဖို့နဲ့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ရအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်"လို့ အတွင်းရေးမှူးချုပ် Antonio Guterres က အာဆီယံခေါင်းဆောင်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရှုတ်ထွေးတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေတယ်လို့လည်း ကုလ အတွင်းရေးမှုးချုပ်က ပြောပါတယ်။ လူသားချင်းစာနာမှု အအခြေအနေ ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်ကျဆင်းနေပြီး နိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသလို သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာကိုလည်း အတွင်းရေးမှုးချုပ် Guterres ကထောက်ပြပြောခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရတာ ၇ နှစ်ကျော်လာခဲ့ပေမဲ့ ရိုဟင်ဂျာအရေး ရေရှည်တည်တန့်တဲ့ အဖြေတခု ရဖို့လည်း အလှမ်းဝေးနေသေးတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထည့်ပြောသွားပါတယ်။

မြန်မာနိုင်ငံအပါအဝင်၊ ယူကရိန်း၊ ဆူဒန်နဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြား လူတွေ အတိဒုက္ခရောက်ရတဲ့ အကြောင်းတွေကို ပြောဆိုရင်း ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်လာနေပြီဆိုတာကို ပြောဆိုရင်း ဂါဇာအကျပ်အတည်းဟာ သူ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် အဆိုးဝါးဆုံး ဖြစ်တယ်လို့ အာဆီယံထိပ်သီးစည်းဝေးပွဲကျင်းပနေတဲ့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ပြောကြားသွားခဲ့ပါတယ်။