ရခိုင်မှာ လုံခြုံရေးဇုံဖန်တီးဖို့  ကုလကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် အစိုးရအကြီးအကဲ Muhammad Yunus

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံစိတ်ချရေးဇုံတခုဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအကြီးအကဲ Muhammad Yunus က တနင်္လာနေ့က အဆိုပြုလိုက်ပါတယ်။ ဒီဇုံဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွါးနေတဲ့ လူသားချင်းစာနာ ထောက်ထား ရေး အကြပ်အတည်းကို ကိုင်တွယ်ဖို့ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Anadolu သတင်းဌာနက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးကို ဒက္ကားက သူ့ရုံးခန်းမှာ တွေ့ဆုံရာမှာ မစ္စတာယူနွတ်က ခုလို ပြောခဲ့တာပါ။ အဆိုပြုချက်ဟာ မြန်မာ့အကျပ် အတည်းကို ဖြေရှင်းဖို့ အစကောင်းဖြစ်ပြီး ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံထဲကို ဒုက္ခသည်တွေဝင်လာတာ လျော့ကျစေလိမ့်မယ်လို့လည်း မစ္စတာ ယူနွတ်စ်က ဆွေးနွေးခဲ့ပါတယ်။

ရခိုင်အခြေအနေက ကပ်ကြီးဆိုက်ချိန်ဖြစ်သွားခဲ့တာကို တွမ် အင်ဒရူးကလည်း သဘောတူပါတယ်။ မြန်မာနိုင်ငံတလွှားမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ အနည်းဆုံး ၃.၁ သန်းရှိပြီး မကြာမီ ရက်သတ္တပတ် အတွင်းကပဲ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃ သောင်း ဝန်းကျင် ရှိတာပါ။ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ရိုဟင်ဂျာအကျပ်အတည်းကို အရေးယူကြဖို့၊ တတိယနိုင်ငံတွေမှာ အခြေချနိုင်အောင် ကုလကကူညီဖို့ ယူနွတ်စ်က တိုက်တွန်းပါတယ်။

Your browser doesn’t support HTML5

 ရခိုင်မှာ လုံခြုံရေးဇုံဖန်တီးဖို့  ကုလကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း