မြန်မာနိုင်ငံတွင်း နေရပ်စွန့်ဒုက္ခသည် ၂သိန်းခွဲနီးပါးရှိလာပြီ (ကုလပြောခွင့်ရ Dujarric)

Stéphane Dujarric

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာနေပြီး၊ စာနာမှုအကူအညီတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

(Act. Spokesperson for UN Secretary General Stephane Dujarric)

“ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နေရပ်စွန့်ခွာရသူ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေး အရေအတွက်ဟာ ၂၃၄,၆၀၀ အထိ စံချိန်တင် များပြားခဲ့ကြောင်း UNHCR ကပြောပါတယ်။ သြဂုတ်လကုန်မှာ ၁၇၆,၀၀၀ ရှိနေရာကနေ ထပ်တိုးလာတာကြောင့် အရင်ကတည်းက စာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရတဲ့ အခြေအနေဟာလည်း ပိုဆိုးလာပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဒီနှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်သူ အရေအတွက်ဟာလည်း ၃ သန်းကျော် ရှိနေတယ်လို့ ပြောပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ချင်းပြည်နယ်မှာ ဆိုရင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကား ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက စာနာမှုအထောက်အပံ့တွေ ပေးအပ်ဖို့ အဆင်သင့် ရှိနေပေမဲ့ သွားလာခွင့်ရဖို့ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရေး ပြောခွင့်ရက ပြောပါတယ်။

.......................................

Your browser doesn’t support HTML5

မြန်မာနိုင်ငံတွင်း နေရပ်စွန့်ဒုက္ခသည် ၂သိန်းခွဲနီးပါးရှိလာပြီ (ကုလပြောခွင့်ရ Dujarric)


(Act. Spokesperson for UN Secretary General Stephane Dujarric)



