ကုလသမဂ္ဂ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ကော်မတီက နောက်ထပ် ကမ္ဘာ့ထိန်းသိမ်းရမယ့် အမွေအနှစ် စာရင်းထဲမှာ မြန်မာနိုင်ငံက ပုဂံမြေကို ထည့်သွင်းဖို့ စဉ်းစားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က ထုတ်ပြန်ပြောဆိုပါတယ်။
ယူနက်စကိုအဖွဲ့က ကမ္ဘာ့ထိန်းသိမ်းရမယ့် အမွေအနှစ် စာရင်းထဲ ထည့်သွင်းသင့်တဲ့နေရာတွေကို ရွေးချယ်ဖို့ Azerbaijan မှာ ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ကော်မတီရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာနိုင်ငံက ရှေးဟောင်းပုဂံဒေသနဲ့ လာအိုနိုင်ငံက Plain of Jars လို့ခေါ်တဲ့ ရှေးဟောင်းကျောက်အိုးကြီးတွေ ရှိရာ လွင်ပြင်ကို ထည့်သွင်း စဉ်းစားနေတာ ဖြစ်ပါတယ်။
ပုဂံဟာ ၁၁ ရာစုကနေ ၁၃ ရာစုကြား ပုဂံခေတ်က တည်ထားတဲ့ စေတီပုထိုးတွေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဓလေ့ကိုထင်ဟပ်စေတဲ့ အနုပညာ လက်ရာမျိုးစုံကြွယ်ဝတဲ့နေရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက စေတီပုထိုး အဆောက်အဦးပေါင်း ၃၅၉၅ ပါဝင် တဲ့ ပုဂံဒေသဟာ ပုဂံခေတ် လူနေမှု ဘဝအပြင် အံ့မခန်း အနုပညာလက်ရာတွေ နဲ့ ဗုဒ္ဓဘာသာ ရိုးရာ ယုံကြည်မှုအတွက် အကောင်းဆုံး ပြယုဂ်တခု ဖြစ်နေတယ်လို့ ယူနက်စကိုက ပြောပါတယ်။
လာအိုက Plain of Jars ကတော့ ကျောက်အိုးကြီးပေါင်း ၁၃၂၅ ခုရှိတဲ့ လာအိုနိုင်ငံ Xiengkhuang ခရိုင်က လွင်ပြင်ဒေသဖြစ်ပါတယ်။ ဒီကျောက်အိုးကြီးတွေဟာ ဘီစီ ၅၀၀ ကနေ အေဒီ ၅၀၀ သံခေတ်ကာလက အသုဘအခန်းအနားတွေမှာ သုံးလေ့ရှိတဲ့ အိုးတွေ ဖြစ်ပါတယ်။ ဒီကျောက်အိုးကြီးတွေကို ထွင်းထုဖို့ အဆင့်မြင့်ကျွမ်းကျင်မှုရှိဖို့ လိုသလို ကျောက်ထုတ်တဲ့ နေရာကနေ အသုဘအခန်းအနားရှိရာနေရာကို မပျက်မစီး သယ်ယူရာမှာလည်း ကျွမ်းကျင်မှု ရှိဖို့ လိုအပ်တာကြောင့် သံခေတ်လူနေမှု အဆင့်အတန်းကို သိနိုင်တယ်လို့ ယူနက်စကိုက ပြောပါတယ်။
လာအိုမှာ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ် အဖြစ် ဟိန္ဒူဘုရားကျောင်း Vat Phou ကိုထည့်သွင်းထားတာကြောင့် တခုရှှိနှင့်ပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။
Your browser doesn’t support HTML5