သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံနဲ့ အန်ကောဝပ် ခရီးသွားမြင့်တင်ရေး ပူးတွဲဆောင်ရွက်မည်


နှစ်စဉ် ခရီးသွားဧည့်သည် သန်းနဲ့ချီ လာရောက် လည်ပတ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ဘုရားကျောင်းနဲ့ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ ပုဂံ ဒေသ တို့ ပူးပေါင်းပြီး ခရီးသွားလာရေး လုပ်ငန်းတိုးမြင့် လုပ်ဆောင်သွားဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကြိုးပမ်းနေတာနဲ့အမျှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ပုဂံ-အန်ကော ပူးတွဲ ခရီးသွားလုပ်ငန်းကြောင့် အလားအလာ အဆိုးအကောင်း ဘာတွေ ရှိနိုင်မလဲ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ တိုင်းပြည် ပွင့်လင်းလာပြီးနောက်ပိုင်းမှာ အရင်ထက် တိုးတက်လာတဲ့ အခြေအနေတွေ အများကြီး ရှိတယ် ဆိုပေမဲ့လည်း အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင်တော့ နောက်ကျနေဆဲပါ။ ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာများတဲ့ ပုဂံ လို ဒေသမျိုးမှာ နှစ်စဉ် ခရီးသွား သိန်းဂဏန်းပဲ ရှိတဲ့အချိန် ဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ် ဘုရားကျောင်းရှိရာ Siem Reap ဒေသကို လာရောက်တဲ့ ခရီးသွားဧည့်သည်ကတော့ နှစ်စဉ် နှစ်သန်းခန့် ရှိပါတယ်။ ဒီလို ခရီးသွား သန်းနဲ့ချီ နှစ်စဉ်လာရောက်နေတဲ့ အန်ကောဝပ်နဲ့ ပုဂံဒေသ နှစ်ခုပေါင်းပြီး ပူးတွဲခရီးစဉ်တွေ စီစဉ်နိုင်အောင် မြန်မာ့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းနေပြီး ဒါဟာ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်လာစေမယ့် အပြောင်းအလဲတခု ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဖြိုးဝေရာဇာ က ပြောပါတယ်။

“ဒီလိုမျိုး အန်ကောဝပ် နဲ့ ပုဂံ ၊ ကမ္ဘောဒီယားနဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ခရီးသွား attraction နေရာ ၂ ခု ကို ချိတ်ဆက်ပေးခြင်းအားဖြင့် ဒီမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်လာမှာပါ။ နံပတ်၁ ခရီးသွားဧည့်သည်အရေအတွက် မြန်မာနိုင်ငံမှာ ပိုပြီးတော့မြင့်လာပါမယ်။ အထူးသဖြင့်ကတော့ ပုဂံကို တိုက်ရိုက်လာတဲ့အတွက် နံပတ် ၁ လေကြောင်းလိုင်း Frequency ပိုပြီးမြင့်လာမယ်။ ခရီးသွားဧည့်သည်အရေအတွက် ပိုပြီးတော့မြင့်လာပါမယ်။အဲဒါဆိုရင် လက်ရှိ Empty ဖြစ်နေတဲ့ ပုဂံမှာရှိတဲ့ ဟိုတယ်ခန်းတွေ ပြည့်ဖို့အတွက်ကို အခွင့်အလမ်းကောင်းတခုပါပဲ။ အဲဒါနဲ့ တဆက်တည်းမှာ အဲဒီဒေသအတွင်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ Transportation နဲ့ ပက်သတ်တဲ့ ကားလုပ်ငန်းတွေ ၊ စားသောက်ဆိုင်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်။ အကုန်လုံးအတွက် အကျိုးရှိစေမယ့် လုပ်ငန်းဖြစ်ပါတယ်။”

ခရီးသွားလုပ်ငန်း တိုးတက်မှုနဲ့အတူ တိုင်းပြည်ဝင်ငွေ တိုးတက်လာနိုင်တဲ့ တချိန်တည်းမှာပဲ ခရီးသွားလုပ်ငန်းကြောင့်ပဲ ရေရှည်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်း အပေါ် ရိုက်ခတ်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ ထောက်ပြ ပြောဆိုတာတွေကလည်း အများအပြား ရှိနေတာပါ။ ဒါပေမဲ့ ကိုဖြိုးဝေရာဇာ ကတော့ အခုအစီအစဉ်ကနေ အဆိုးထက် အကောင်း ပိုများနိုင်တယ်လို့ သုံးသပ်ပါတယ်။ သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှု နည်းပြီး ရေရှည်ခံတဲ့ခရီးသွား လုပ်ငန်းဖြစ်အောင် မြန်မာ့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက် နေတာမို့ အကျိုးရလဒ် ပိုများဖို့သာ ရှိပါတယ်လို့ သူက ပြောပါတယ်။

“ခရီးသွားလုပ်ငန်းက အကောင်းတွေပဲပေးတယ်၊ ဆိုးကျိုးမရှိဘူးလားဆိုတာ အဲလိုလည်းမဟုတ်ပါဘူး။ Impact ဆိုတာကတော့ ခရီးသွားလုပ်ငန်းကြောင့်မို့လို့ Impact ဆိုတာကတော့အမျိုးမျိုးရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတို့ ၊ ယဉ်ကျေးမှုကို ထိခိုက်တာတို့ ဒါမျိုးတွေရှိပါတယ်။ ဒါပေမယ့် အခုကျနော်တို့ ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့အခါမှာ အဲဒီလိုမျိုး ဆိုးကျိုးဒီမှာလာပြီးတော့ တတ်နိုင်သမျှနည်းအောင်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ ဒါတွေလည်း ထည့်သွင်းစဉ်းစားပြီးတော့မှ ဒီလုပ်ငန်းကို စီမံခန့်ခွဲမှုပြုလုပ်မှာဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ လေယာဉ်ပျံတွေဆင်းတဲ့အတွက် ကာဗွန် စွန့်ပြစ်မှုတွေပိုများလာမယ်ဆိုတာကတော့ မလွဲမရှောင်သာ ပါပဲ။ ဒါပေမယ့် ပုဂံဘုရားတွေကို ထိခိုက်လောက်အောင်တော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေနိုင်လောက်ပါဘူး။ နောက်တခါ အသံဆူညံမှုဆိုတာကလည်း အခုနောက်ပိုင်း မှာ ရှေးတုန်းက လေယာဉ်ပျံတွေလိုမျိုးဆူညံမှုတွေ မရှိတော့ပါဘူး နောက်ပိုင်းလေယာဉ်ပျံတွေက ။ လေယာဉ်ပျံတွေရဲ့ အသံဆူညံမှုကလည်း ပိုပြီး ငြိမ်လာပါတယ်။ နောက်တခါ လေယာဉ်ပျံဆင်းတဲ့အတွက်ကြောင့်မို့လို တုန်ခါမှုရှိတယ်ဆိုပေမယ့်လည်း မြေငလျင်လှုပ်လောက်အောင်အထိ ၊ ဘုရားတွေ ပြိုကျလောက်အောက်အထိ တုန်ခါမှုလည်း မဖြစ်နိုင်ပါဘူး။”

ပုဂံနဲ့ အန်ကောဝပ် ပူးတွဲခရီးစဉ်တွေ အကောင်အထည် ဖော်ဖို့အတွက် နှစ်နိုင်ငံ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်း တာဝန်ရှိ သူတွေကြား တွေ့ဆုံ ဆွေးနွေးနေကြပြီး ရှေ့နှစ်အတွင်း ဒီအစီအစဉ် အကောင်အထည် ပေါ်လာဖို့ ခန့်မှန်းရပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားတွေ ပိုပြီး တိုးလာနိုင်တဲ့ အခြေအနေမှာ ပုဂံ လို ဒေသမျိုးမှာတော့ ခရီးသွားဝန်ဆောင်မှုတွေ တိုးမြင့်ပေးနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေပြီးသား ဖြစ်တယ်လို့လည်း ကိုဖြိုးဝေရာဇာက ပြောပါတယ်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့နဲ့ ဝါရင့်ဧည့်သည်လမ်းညွှန် တချို့ကတော့ - မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်လာဖို့ အတွက် အလားအလာကောင်းတွေ အများအပြား ရှိတယ်ဆိုပေမဲ့လည်း၊ တကယ်တမ်း တိုးတက်လာဖို့မှာတော့ ထိရောက်တဲ့ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်တာ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ရလိမ့်မယ်လို့ အကြံပြု ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG