ပုဂံဘုရားပေါ်မှာ နေ၀င်ချိန်ကြည့်ရင်း ပြုတ်ကျလို့ အသက် ၂၀ အရွယ် အမေရိကန် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ် လာရောက်တဲ့ အမေရိကန် နိုင်ငံသူ Kassandra Braun ဟာ ပေ ၂၀ အမြင့် - ၀တ္တနသော ပုဂံဘုရားပေါ်ကနေ မနေ့ အင်္ဂါနေ့ ညနေ ၄ နာရီခွဲမှာ မတော်တဆ ပြုတ်ကျခဲ့တာ ဖြစ်ပြီး မန္တလေး ဆေးရုံကိုပို့ဆောင်စဉ်မှာ သေဆုံးခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။
မစ္စ Braun က ဘုရားပေါ်က ပြုတ်ကျပြီးနောက် သွေးထွက်သံယို ဒဏ်ရာတွေ ရပြီး သတိမရတာကြောင့် ညောင်ဦး ဆေးရုံကနေ မန္တလေးဆေးရုံကြီးကို လွှဲပြောင်းစဉ် လမ်းမှာဘဲ ဆုံးပါးခဲ့ရတာလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ခရီးသည်တွေ ဘေးကင်းလုံခြုံရေး ကာကွယ်ဖို့၊ နောက် ဘုရားတွေကို ထိန်းသိမ်းဖို့ လိုအပ်ချက်ကြောင့် ပုဂံဘုရား ပုထိုး ၅ ဆူတို့မှာ တက်ရောက်ခွင့်ကို ပြီးခဲ့တဲ့နှစ်က ကန့်သတ်တားမြစ်ခဲ့တာပါ။
ဒါပေမယ့်လည်း အခု မစ္စ Braun ပြုတ်ကျခဲ့ရတဲ့ ၀တ္တနသော ဘုရားလို စေတီပုထိုး အသေးတွေပေါ်မှာတော့ နေ၀င်ချိန် ကြည့်ဖို့ ခရီးသွားတွေ တက်ရောက်နေကြဆဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လက ငလျင်ဒဏ်ကြောင့် ပုဂံဘုရား ရာနဲ့ချီ ပျက်စီးခဲ့ရပြီး အကြီးအကျယ် ပြင်ဆင်နေရတာလည်း ဖြစ်ပါတယ်။