မြန်မာ့သနပ်ခါး ယူနက်စကို ICH စာရင်းဝင်နိုင်ဖို့ ကြိုးစား

မြန်မာ့သနပ်ခါး (AFP screenshot)

မြန်မာ့သနပ်ခါး (AFP screenshot)

မြန်မာနိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာပဲ မြန်မာ့ရိုးရာ အမွေအနှစ်တခုဖြစ်တဲ့ သနပ်ခါးကို ကမ္ဘာကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ရဲ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် စာရင်းထဲ ဝင်နိုင်ဖို့ လုပ်ဆောင်လိုက်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ လိမ်းခြယ်လာခဲ့တဲ့ မြန်မာ့ရိုးရာသနပ်ခါးကို ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းနိုင်ဖို့အတွက် သွေးချင်းစုံ သနပ်ခါးသဘင်ဆိုတဲ့ သနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်ပြိုင်ပွဲကျင်းပပြီး လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တပို့တွဲလပြည့်နေ့ဟာ မြန်မာ့သနပ်ခါးနေ့ဖြစ်ပါတယ်။ ဒီလို မြန်မာသနပ်ခါးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ့ရိုးရာသနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်တဲ့ပြိုင်ပွဲကို ရန်ကုန်မြို့က အင်းလျားကန်ဘေးက စိမ်းလန်းစိုပြေပန်းခြံမှာကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ အခုလို ဒီပြိုင်ပွဲကိုကျင်းပရတာဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ သနပ်ခါးကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်တဲ့ UNESCO ရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ အမည် စာရင်း ပြန်တင်သွင်းဖို့အတွက် ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်သူတဦးဖြစ်တဲ့ မအိမ့်ဂျူဂျူးမြတ်ကတော့

မြန်မာ့သနပ်ခါးပြိုင်ပွဲဝင် အိမ့်ဂျူဂျူးမြတ် (AFP screenshot)

မြန်မာ့သနပ်ခါးပြိုင်ပွဲဝင် အိမ့်ဂျူဂျူးမြတ် (AFP screenshot)

“ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်ကတော့ - မြန်မာ့သနပ်ခါးအကြောင်းကို UNESCO ကို တင်သွင်းနေတဲ့ အကြောင်းကို ကမ္ဘာကိုချပြချင်တဲ့စိတ်ဓာတ်ဖြစ်ပါတယ်ရှင့်။ အဲလိုရည်ရွယ်ချက်လေးနဲ့ ယှဥ်ပြိုင်ရခြင်း ဖြစ်ပါတယ်ရှင့်။”

ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံတွင်းက လူမှုအဖွဲ့အစည်း ၃၆ ခုက အသက် ၅ နှစ်ကနေ ၈၀ အရွယ်အထိ လူကြီးလူငယ် အရွယ်စုံ လူရာနဲ့ချီ ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင်တဲ့သူတွေက သနပ်ခါးကို သူတို့ရဲ့ မျက်နှာပေါ်မှာ ပုံစံအမျိုးမျိုး အလှပဆုံး လိမ်းချယ် ပုံဖော်ခဲ့ကြတာပါ။

ဒီလိုမျိုး အဝါရောင်သနပ်ခါးနဲ့ သနပ်ခါးလိမ်းထားတဲ့ မျက်နှာတွေကို မြန်မာနိုင်ငံနေရာအနှံမှာ တွေ့ရလေ့ရှိပြီး သနပ်ခါးလိမ်းတဲ့သူတွေဟာ သူတို့ရဲ့ ပါး၊ နဖူး၊ နှာခေါင်း စတာတွေပေါ်မှာအပြင် လည်ပင်း၊ လက်နဲ့ ခြေထောက်တွေမှာ လိမ်းလေ့ရှိတာဖြစ်ပါတယ်။ သနပ်ခါးကို အများအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလိမ်းကြပြီး တချို့အမျိုးသားတွေလည်း တခါတရံမှာ လိမ်းလေ့ရှိပါတယ်။

တချို့တွေကတော့ မနက်ရေချိုးပြီးချိန်နဲ့ ညအိပ်ယာဝင်ခါနီးအချိန်တွေမှာ တနေ့ကို တကြိမ် ဒါမှမဟုတ် ၂ ကြိမ်ခန့် လိမ်းလေ့ရှိပါတယ်။

နည်းပညာနဲ့ စက်မှုထွန်းကားတဲ့ ဒီကနေ့ခေတ်မှာတော့ နိုင်ငံတကာက ခေတ်မီတိုးတက်တဲ့ အလှကုန် ပစ္စည်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် အဲဒီလို အလှကုန်ပစ္စည်း အသုံးပြုသူတွေ များလာ နေပေမယ့်လည်း မြန်မာနိုင်ငံသားအများအပြားကတော့ သနပ်ခါးက ခန္ဓာကိုယ်ကို အေးမြပြီး အသားအရည်လည်း စိုပြေဝင်းဝါပြီးတော့ နူးညံ့ချောမွေစေတဲ့လို့ ယုံကြည်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတခုအဖြစ် ဆက်ပြီး အသုံးပြုနေကြဆဲဖြစ်ပါတယ်။

မြန်မာ့သနပ်ခါး (AFP screenshot)

“ငယ်ငယ်လေးကတည်းကနေ လိမ်းခြယ်ခဲ့တာပေါ့နော်။ အခုအချိန်ဆိုရင် အဖိုးအဖွားတွေကလည်း တဆင့် လိမ်းပေးခဲ့တာပေါ့နော်။ အဓိကရည်ရွယ်ချက်ကတော့ နေလောင်ဒဏ်ကာကွယ်ပေးနိုင်တယ်။ ပြီးတော့ မျက်နှာမှာရှိတဲ့ ဝက်ခြံတွေ၊ တင်းတိတ်တွေကို ပျောက်စေတဲ့ရည်ရွယ်ချက်ပေါ့ရှင့်။”

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သနပ်ခါးကို မြန်မာ့ရိုးရာအစဉ်အလာအဖြစ်နဲ့ ခေတ် အလိုက် မျိုးဆက်တခုပြီးတခု လိမ်းခြယ်လာခဲ့တာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုရဲ့ ထင်ရှားတဲ့ အမှတ် သင်္ကေတ တခုလည်းဖြစ်လာခဲ့ပါတယ်။ သနပ်ခါးနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား တွေကိုတော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အမွေအနှစ်ဖြစ်တဲ့ ပုဂံမြို့က ၁၁ ရာစု ပုဂံခေတ်နံရံဆေးရေး ပန်းချီတွေမှာ တွေ့နိုင်ပါတယ်။ ဒီပြိုင်ပွဲကို စီစဉ်ကျင်းပတဲ့သူတဦးဖြစ်တဲ့ မြန်မာယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒေါ်စန္ဒာခင်ကတော့ ဒီပွဲကျင်းပဖြစ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဒီနေ့က တပို့တွဲလပြည့်နေ့ပါ။ တပို့တွဲလပြည့်နေ့က မြန်မာ့သနပ်ခါးနေ့လို့လည်း သတ်မှတ်ထား ပါတယ်။​ ပြီးတော့ ကျမတို့ မြန်မာသနပ်ခါးရဲ့လိမ်းခြယ်မှုကိုလည်းပဲ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းကိုသွင်းမှာဖြစ်တော့ တပေါင်းတည်းပေါ့ - ကျမတို့က တိုင်းရင်းသားတွေ ဘယ်လို သနပ်ခါး လိမ်းခြယ်ကြသလဲဆိုတာ ပြသဖို့အတွက်ကို “သွေးချင်းစုံလင် သနပ်ခါးသဘင်” ဆိုတဲ့ ပွဲတော်လေး- သရုပ်ဖော်တဲ့ပြိုင်ပွဲလေးကို ကျင်းပပေးတာပါ။”

သနပ်ခါးပင်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းက ပူပြင်းခြောက်သွေ့တဲ့ အညာဒေသတွေမှာ ပေါက်လေ့ ရှိပြီး အဲဒီကနေ သနပ်ခါးကိုထုတ်တာဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းက အဲဒီ ဒေသတွေမှာ မြန်မာစစ်ကောင်စီတပ်တွေ နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သနပ်ခါးကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းက UNESCO ရဲ့ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းဖို့အတွက် အဆိုပြုခဲ့ပေမယ့် အဲဒီ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး အခုတခါ ထပ်မံ တင်သွင်းတာ ဖြစ်ပါတယ်။ လောလောဆယ်မှာ သနပ်ခါးကို အခု ၂၀၂၅ ခုနှစ် မတ်လအကုန်မှာ ယူနက်စ်ကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့အမွေအနှစ်အဖြစ် အဆိုပြုခံရတဲ့အထဲမှာပါဝင်လာအောင် မြန်မာစစ်ကောင်စီရဲ့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက လုပ်ဆောင်နေပါတယ်။

မြန်မာ့ရိုးရားသနပ်ခါးကို ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းခံရမယ်ဆိုရင်တော့ အလွန်ကို ဂုဏ်ယူမိမှာဖြစ်တယ်လို့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတဦးဖြစ်တဲ့ သဉ္ဇာလင်းထက်က ပြောပါတယ်။

“ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ပုဂံခေတ်နှောင်းပိုင်းကတည်းက မြန်မာရဲ့ဂုဏ်ယူစရာ အလေ့ကျပေါက်ပင်ကနေဖြစ်လာတဲ့သနပ်ခါးဆိုတာ အကုန်လုံးက အမွေအနှစ်စစ်စစ်ဆိုတာကို မှတ်တမ်းဝင်သွားမယ်ဆိုရင် ပျော်တာပေါ့။ ဂုဏ်ယူရမှာပေါ့။”

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်က လူထုကနေ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီးတော့ အာဏာသိမ်းလိုက်ချိန်က စပြီး အဲဒီလို စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝန်း နေရာအတော်များများမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။