မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းဖို့ လုံခြုံရေးကောင်စီထောက်ခံ

Nikki Haley, Permanent Representative of the United States to the UN and President of the Security Council

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး Nikki Haley က အင်္ဂါနေ့မှာ ပြောကြား လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ထောက်ခံတဲ့အကြောင်း သူကပြောသွားပါတယ်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း မြန်မာအစိုးရအနေနဲ့ ဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ဧပြီလ ၁၈ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပခဲ့တဲ့ အကြောင်းအရာလိုက် ဆွေးနွေးပွဲမှာ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းဖြစ်တဲ့ Nikki Haley က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို ကျမတို့ ဆက်လက် စောင့်ကြည့်သွားမှာပါ။ မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ ရလဒ်အဖြစ် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိနေပေမဲ့ အစိုးရအာဏာပိုင်တွေနဲ့ ထင်ရှားတဲ့ လူမှုရေး လှုပ်ရှားမှုတွေကြောင့် ဘာသာရေးနဲ့ လူမျိုးရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။”

ဒါ့အပြင် အဲဒီလို ဖိနှိပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီး Nikki Haley က အခုလို ဆက်ပြောပါတယ်။

“အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်တဲ့ အခြေအနေတွေကြောင့် ဒုက္ခရောက်ရ သူတွေဟာ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ပြေးကြရသလို အဆိုးဆုံး အခြေအနေမှာ အစွန်းရောက်ဝါဒဆီကို တွန်းပို့သလိုဖြစ်နေတယ်ပါတယ်။ ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ စစ်မှန်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့အပေါ် လုံခြုံရေးကောင်စီက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပဋိပက္ခ ဆက်စပ်နေတဲ့ကိစ္စကို ဆွေးနွေးတဲ့ လုံခြုံရေးကောင်စီ အထူးစည်းဝေးပွဲမှာ သံအမတ်ကြီး Haley က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပါတ်သက်လို့ လက်တွေ့ကျတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လိုအပ်တယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အခု ပြောကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့တဲ့ သဘောထားအတိုင်း ရပ်တည်သွားမယ်လို့ မြန်မာသမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗုဒ္ဓဟူးနေ့မှာ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်း နှစ်ခုအကြားက သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ် ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ် ဖြစ်တယ်ကြောင်း၊ ဒါကြောင့်လည်း နိုင်ငံတကာအနေနဲ့ ရခိုင်အရေးကိစ္စမှာ အပြစ်တင် ရှုတ်ချတာမျိုးထက် အပြုသဘောဆောင် ချဉ်းကပ်တာဟာ မြန်မာအစိုးရကို အမှန်တကယ် ကူညီရာရောက်မယ်လို့ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အီးယူ - ဥရောပသမဂ္ဂက ကမကထပြု တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို မတ်လ ၂၄ ရက်နေ့က အတည်ပြုရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပြီး ချိုးဖောက်ခံရသူတွေအတွက် တရားနည်းလမ်း တကျ ကာကွယ် စောင့်ရှောက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွတ်ဖို့လဲ တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ Joaquin Alexander Maza Martelli က နိုင်ငံတကာ အဖွဲ့ကို ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ လူ့အခွင့်အရေး ကောင်စီ ပြောခွင့်ရ Rolando Gomez က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအတောအတွင်း မြန်မာအစိုးရထံ စာပို့ဖို့ စတင် ပြင်ဆင်နေပြီးတော့ ဒီ ကျွမ်းကျင်သူများအဖွဲ့မှာ မှုခင်းဆေးပညာရှင်တွေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်း စစ်ဆေးရေးမှူးတွေ ပါဝင်မယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ကို ဖွဲ့ဖို့လည်း ပြင်နေကြောင်း အဲဒီ ပြောခွင့်ရက ပြောပါတယ်။

မြန်မာအစိုးကတော့ အချက်အလက် ရှာဖွေရေး ကော်မရှင်ဖွဲ့စည်းတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွင်း မျိုးဖြတ် ရှင်းလင်းမှု မရှိဘူးလို့ မကြာသေးခင်က ဘီဘီစီ သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

Brad Adams ဟာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ တာဝန်ခံတဦး ဖြစ်ပါတယ်။ သူက - အချက်အလက် ရှာဖွေရေးကော်မရှင်ကို ကုလသမဂ္ဂက ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါလည်း ဒီကော်မရှင်က လုပ်စရာရှိတာကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“အချက်အလက် ရှာဖွေရေးကော်မရှင်ကို ကုလသမဂ္ဂက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီကော်မရှင်က လုပ်စရာရှိတာကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ အဲဒီ ကော်မရှင်ဖွဲ့တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူဘူးလို့ ပြောထားပြီးသားပါ။ မြန်မာအစိုးရထဲက အရာရှိတချို့ကလဲ ပူးပေါင်း ဆောင်ရွက်မှု လုပ်မှာမဟုတ်ဘူးဆိုတာကို ပြောထားပြီး ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး အယူအဆ လုံး၀ မရှိတဲ့၊ အချက်အလက်တွေ စုစောင်းနိုင်မယ့် သီးခြား လွတ်လပ်တဲ့ ပုဂ္ဂိုလ်ကို ရှာဖွေ ရွေးချယ်နေပါတယ်။”

ဒါကြောင့်လည်း မြန်မာအစိုးရဘက်က ပြောချင်တဲ့ အချက်တွေ ပြောခွင့်ရအောင် ဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာ အစိုးရအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ Brad Adams က ပြောပါတယ်။

“အချက်အလက် ရှာဖွေရေးကော်မရှင်က စုစောင်း တင်ပြမယ့် အစီရင်ခံစာဟာ မြန်မာအစိုးရအပေါ် ကြီးမားစွာ ထိခိုက် နစ်နာစေမှာ ဖြစ်တဲ့အတွက် မြန်မာအစိုးရရဲ့ အမြင်သဘောထားတွေ၊ ပြောချင်တဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခွင့်ရအောင် ဒီကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို ရိုးသား ပွင့်လင်းစွာ လုပ်ဆောင်ရာလည်း ရောက်ပါတယ်။ မြန်မာပြည်သူတွေအတွက် အဓိက ရန်သူဟာ စစ်တပ်ပဲဖြစ်ပါတယ်။ ဒီကိစ္စဟာ NLD အစိုးရအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် တခုဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နယ်ခြားစောင့် ကင်းစခန်းတွေကို လက်နက်ကိုင် သောင်းကျန်းသူ တချို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာခဲ့တာပါ။ ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့အတွက် ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင် ၇ သောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းဖို့ လုံခြုံရေးကောင်စီထောက်ခံ