တရုတ်နိုင်ငံကို ထိုင်ဝမ် အဖြစ်မှားယွင်း ရည်ညွှန်းခဲ့မှုအတွက် အမေရိကန်တောင်းပန်

သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်

အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ တရုတ်သမ္မတ ရှီကျင့်ပင်ကို People’s Republic of China တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတလို့ ဖော်ပြရမယ့်အစား Republic of China တရုတ်သမ္မတနိုင်ငံတော် သမ္မတလို့ မှားယွင်း ဖော်ပြမိတဲ့အတွက် အမေရိကန်အရာရှိတွေက တောင်းပန်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

Republic of China တရုတ်သမ္မတနိုင်ငံတော်ဆိုတာဟာ တရုတ်ပြည်မကြီးက ခွဲထွက်သွားပြီး ပြန်လည် ပေါင်းစည်းဖို့ စောင့်ဆိုင်းနေတဲ့ ဒေသအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကျွန်းကို ရည်ညွန်း ခေါ်ဆိုတာဖြစ်ပါတယ်။

အဲဒီလို မှားယွင်း ဖော်ပြမိတဲ့အတွက် တောင်းပန်ကြောင်းနဲ့ အမှားပြင်ဆင်ချက်ကိုလည်း ပြုလုပ်ပြီးဖြစ်ကြောင်း အမေရိကန်ဘက်က အကြောင်းကြားခဲ့တယ်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ပြောပါတယ်။

အဲဒီလို မှားယွင်း ဖော်ပြခဲ့တဲ့ကိစ္စ အတည်ပြုနိုင်ရေးအတွက် ဗွီအိုအေက သမ္မတ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းပြန်ကြားချက် တစုံတရာ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံ၊ Hamburg မြို့မှာ ကျင်းပတဲ့ G20 စီးပွားအင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေကို သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်စဉ် အဲဒီလို မှားယွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံကို ထိုင်ဝမ် အဖြစ်မှားယွင်း ရည်ညွှန်းခဲ့မှုအတွက် အမေရိကန်တောင်းပန်