သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်လွှဲပြောင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် တရုတ်သမ္မတ Xi Jinping တက်ရောက်


တရုတ်သမ္မတရှီကျင်းဖျင်
တရုတ်သမ္မတရှီကျင်းဖျင်

ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ တရုတ်နိုင်ငံ အုပ်ချုပ်မှုအောက် ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ Xi Jinping ဟောင်ကောင်ကို ၃ ရက်ကြာ ခရီးစဉ် ဒီကနေ့ စတင်လိုက်ပါတယ်။

ခရီးစဉ်အတွင်း ဟောင်ကောင်ကျွန်းရဲ့ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်အဖြစ် Carrie Lam ကျမ်းသစ္စာကျိန်ဆိုမယ့် အခန်းအနားကိုလည်း တရုတ်သမ္မတ တက်ရောက်မှာပါ။ ဟောင်ကောင်မှာတော့ လုံခြုံရေးကို တင်းကြပ်ထားပြီး၊ တရုတ်သမ္မတရဲ့ ခရီးစဉ်မတိုင်မီမှာပဲ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြခဲ့ကြသူ တစုကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အရင်တုန်းက လူအမြောက်အများ ပါဝင်ဆင်နွှဲလေ့ ရှိတတ်တဲ့ နှစ်ပတ်လည် ချီတက်ပွဲ အပါအဝင် နောက်ထပ် ဆန္ဒပြပွဲတွေလည်း ကြုံရနိုင်ပါတယ်။

တရုတ်အစိုးရကတော့ တနိုင်ငံ စနစ် ၂ မျိုးနဲ့ အုပ်ချုပ်နေပြီး၊ ဟောင်ကောင်မှာ လူမှုလွတ်လပ်ခွင့်နဲ့ အုပ်ချုပ်ခွင့်တွေကို အကန့်အသတ်နဲ့ ပေးအပ်ထားပေမဲ့၊ မကြာသေးခင်တုန်းက စာအုပ်ထုတ်ဝေသူ ၅ ဦးကို ဖမ်းဆီးခဲ့တာလို အဖြစ်အပျက်တွေကြောင့် အုပ်ချုပ်မှုပုံစံကို ထိခိုက်လာမှာ စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။

သမ္မတ Xi Jinping ကတော့ တရုတ်နိုင်ငံ အနေနဲ့ အနာဂတ်ကို မျှော်မှန်းလိုကြောင်းနဲ့၊ တနိုင်ငံ စနစ် ၂ မျိုး အုပ်ချုပ်မှုပုံစံကို တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဟောင်ကောင်ကျွန်းမှာ လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရရေး တက်ကြွလှုပ်ရှားသူတွေ လိုလားနေကြပေမဲ့ တရုတ်နိုင်ငံက တနေ့တခြားပိုမို ထိန်းချုပ်လာနေတဲ့အတွက် မျှော်မှန်းထားသလို ဖြစ်လာဖို့ မလွယ်ဘူးလို့လည်း အကဲခတ်တွေက ယူဆနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG