"ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး ကန်အပြည့်အ၀ထောက်ခံ" ကန်သမ္မတ

အမေရိကန်သမ္မတ Joe Biden နဲ့ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristresson တို့အိမ်ဖြူတော်မှာ တွေ့ဆုံ၊ ဂျူလိုင် ၅၊ ၂၀၂၃

အမေရိကန်ပြည်ထောင်စုကို တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristresson ကို အမေရိကန်သမတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံခဲ့ပြီး၊ ဆွီဒင်နိုင်ငံ NATO စစ်မဟာ မိတ်အဖွဲ့ဝင်ဖြစ်လာရေးအပြည့်အဝထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။

“နောက်လာမယ့်ရက်သတ္တပတ်အတွင်း NATO ထိပ်သီးအစည်းအဝေးကျင်းပဖို့ပြင်ဆင်နေပါတယ်၊ အမေရိကန်အနေနဲ့ ဆွီဒင်နိုင်ငံအဖွဲ့ဝင်ဖြစ်လာရေးကို အပြည့်အဝထောက်ခံပါတယ်။ ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင်တွေမှာရှိတဲ့ တန်ဖိုးမျိုးတွေရှိပြီး ဆွီဒင်ပါဝင်လာခြင်းအားဖြင့် တပ်ပေါင်းစု ပိုမိုအားကောင်း လာမှာသေခြာပါတယ်လို့” သမ္မတဘိုင်ဒန်က ဆွီဒင်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

လစ်သူရေးနီးယားနိုင်ငံမှာ လာမယ့်ရက်သတ္တပတ်အတွင်းပြုလုပ်မယ့် NATOထိပ်သီးအစည်းအဝေးမတိုင်မီ ဆွီဒင်ဝန်ကြီး ချုပ်အမေရိကန်ပြည်ထောင်စုကိုလာရောက်တာဖြစ်ပြီး၊ အမေရိကန်ကလည်းထောက်ခံ ကြောင်းပြသလိုက်တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေတိုးလာတာ၊ ရုရှားယူကရိန်းစစ်ပွဲနဲ့ တရုတ်နဲ့ပတ်သက်တဲ့ကိစ္စ တွေကိုဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေကပြောဆိုပါတယ်။

၂၀၂၂ ခုနှစ်ဖေဖေါ်ဝါရီလမှာ ရုရှားကယူကရိန်းကိုကျူးကျော်ပြီးနောက် ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာမှာ ဖင်လန်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာပေမယ့် တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့က ကန့်ကွက်ထားတဲ့အတွက်ဆွီဒင်အဖွဲ့ဝင် ဖြစ်လာဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

"ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး ကန်အပြည့်အ၀ထောက်ခံ" ကန်သမ္မတ