ကန် စစ်အသုံးစရိတ် တိုးမည်

သမ္မတ Donald Trump က အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအသုံးစားရိတ်ကို တိုးမြှင့်ပေးတော့မယ်လို့ ကတိပေးလိုက်ပါတယ်။

ကြာသပတေးနေ့က ပင်တာဂွန်မှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးအသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ Mark Esper ကို ကြိုဆိုတဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတ Trump က သူဟာ ကာကွယ်ရေးဌာန အသုံးစားရိတ်ကို ဆက်ပြီးတိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။

သူပထမဆုံး ပင်တာဂွန်ကို လာရောက်ခဲ့ချိန်မှာ အရင်ကထက် ဘတ်ဂျက်ငွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ တိုးမြှင့် ချထားပေးခဲ့သလို အဲဒီနောက်မှာလည်း ဒေါ်လာ ၇၁၆ ဘီလျံအထိ ပေးခဲ့တယ်လို့လည်း သမ္မတက Trump ကပြောပါတယ်။ အခုတခေါက် ဘယ်လောက် တိုးပေးမယ် ဆိုတာ မပြောနိုင်သေးပေမယ့် အရင်ကထက် ပိုမယ်လို့လည်း ပြောပါတယ်။

ကြာသပတေးနေက ဘတ်ဂျက်ငွေချထားပေးရေးဆိုင်ရာ သဘောတူညီချက်ကို သမ္မတအိမ်ဖြူက ကြေညာခဲ့တာ ဖြစ်ပြီး လွှတ်တော်ခေါင်းဆောင် တွေက ၂၀၂၀ အတွက် ကာကွယ်ရေး အသုံးစားရိတ်အဖြစ် ဘတ်ဂျက်ငွေ ဒေါ်လာ ၇၃၈ ဘီလျံ ချထားပေးဖို့နဲ့ ၂၀၂၁ ခုနှစ်အတွက် ဒေါ်လာ ၇၄၁ ဘီလျံ လောက် ချထားပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အောက်လွှတ်တော်အမတ်တွေက ကြာသပတေးနေ့ နှောင်းပိုင်းမှာ အတည်ပြုပေးခဲ့ပြီး ဒါကို အထက်လွှတ်တော်က အတည်ပြုပေးဖို့ လာမယ့် သီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ကို မလာခင်မှာ သမ္မတ Trump က သူ့တွစ်တာကနေ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး သူထောက်ခံကြောင်းနဲ့ ၂ နှစ်အတွက်ချထားပေးမယ့် ဒီအသုံးစားရိတ်ဟာ အမေရိကန်စစ်တပ်နဲ့ စစ်မှုထမ်းဟောင်းတွေအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်တဲ့အတွက် ဒါကို ထောက်ခံကြဖို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန် စစ်အသုံးစရိတ် တိုးမည်