ကန်နဲ့တရုတ် အပြန်အလှန်သွင်းကုန်ခွန် တိုးမြှင့်

အမေရိကန်က တရုတ်နိုင်ငံကို တင်ပို့တဲ့ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် တရုတ်အစိုးရက သွင်းကုန်ခွန် တိုးမြှင့်လိုက်ပါတယ်။

ဂျွန် လ ၁ ရက်နေ့ကစပြီး အမေရိကန်ကုန် ပစ္စည်းအမျိုးပေါင်း ၅ ထောင်ကျော်အနေနဲ့ ၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းအထိ သွင်းကုန်ခွန်အသစ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အကောက်ခွန်ဆိုင်ရာ ကော်မရှင်က ဒီကနေ့ ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန်ကို တင်သွင်းတဲ့ တရုတ် ကုန်ပစ္စည်းတွေအပေါ် အမေရိကန်အစိုးရက သွင်းကုန်ခွန်တိုးလိုက်တဲ့အတွက် တရုတ်ဘက်က တန်ပြန်ဆောင်ရွက်မှုတွေ လုပ်မှဖြစ်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ အစောပိုင်းက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေရဲ့ ဖိအားအတိုင်း ဘယ်တော့မှ လိုက်နာမှာ မဟုတ်ဘဲ တရုတ်နိုင်ငံအနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ အခွင့်အရေးတွေကို ကာကွယ်သွားဖို့ အခိုင်အမာဆုံးဖြတ်ထားသလို ကာကွယ်နိုင်စွမ်းလည်းရှိတယ်လို့ သူကပြောပါတယ်။

တရုတ်ဘက်က အမေရိကန်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တိုးလိုက်တဲ့ ကြေညာချက်ထွက်လာခဲ့ပြီးနောက် ဥရောပနဲ့ အမေရိကန်အစု ရှယ်ယာဈေးကွက်မှာ ဈေးတွေ ထိုးကျနေပါတယ်။ သမ္မတ Donald Trump ကတော့ တရုတ်ဘက်က လက်တုံ့ပြန်ဆောင်ရွက်ရင် အခြေအနေ ပိုပြီးဆိုးလိမ့်မယ်လို့ Twitter ပေါ်မှာ ဒီကနေ့ မနက်က ရေးသားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အတွက် ၂ ဘက်လုံး ထိခိုက်လိမ့်မယ်လို့ အိမ်ဖြူတော်ရဲ့ စီးပွားရေးဆိုင်ရာ အကြီးတန်းအကြံပေး Larry Kudlow ကပြောပါတယ်။ တရုတ်ဘက်က ထိခိုက်သလို အမေရိကန်စားသုံးသူတွေ၊ အထူးသဖြင့် တရုတ်ကို ထွက်ကုန်တင်ပို့နေတဲ့ လယ်သမားတွေ အထိခိုက်ဆုံး ဖြစ်နိုင်တယ်လို့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ စီးပွားရေးအကြံပေး Kudlow က ပြောကြားသွားပါတယ်။

ဒေါ်လာ ၂၀၀ ဘီလျံကျော်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန် အစိုးရက သွင်းကုန်ခွန် ၁၀ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း အထိ မေလ ၁၀ ရက်နေ့က တိုးမြှင့် ကောက်ခံခဲ့တာပါ။ နောက်ထပ် ဒေါ်လာ ၃၀၀ ဘီလျံဖိုး တရုတ်သွင်းကုန်တွေကိုလည်း အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်နေပါတယ်။

Your browser doesn’t support HTML5

ကန်နဲ့တရုတ် အပြန်အလှန်သွင်းကုန်ခွန် တိုးမြှင့်