သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကုန်သွယ်မှုဆိုင်ရာ တရုတ်လက်တုံ့ပြန်မှု ကန်မျှော်လင့်ထား


အမေရိကန်ကို တင်ပို့တဲ့ တရုတ် ထုတ်ကုန်တွေ အပေါ် သမ္မတ Donald Trump က အကောက်ခွန် စည်းကြပ်မှု သိသိသာသာ တိုးလိုက်ပြီးနောက်မှာတော့ အမေရိကန် ပို့ကုန်တွေ အပေါ်မှာလည်း တရုတ်ဘက်က လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ်လို့ ခန့်မှန်းကြောင်း အမေရိကန်ဘက်က တနင်္ဂနွေနေ့မှာ ပြောဆိုထားပါတယ်။

ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး မပြေလည်မှုတွေကြောင့် နှစ်ဘက်စလုံး အထိနာမယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် စီးပွားရေး အကြံပေးအရာရှိချုပ် Larry Kudlow က Fox News Sunday အစီအစဉ်မှာ ပြောဆိုသွားပါတယ်။ အမေရိကန်ဘက်မှာတော့ အထိနာဆုံး ဖြစ်နိုင်သူတွေက တရုတ်ပြည်ကို ပဲပိစပ်၊ ပြောင်းနဲ့ ဂျုံ ရောင်းချနေတဲ့ လယ်သမားတွေလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့်လည်း သမ္မတ Trump အစိုးရက ပို့ကုန်တင်ပို့မှု အရှုံးပေါ်ခဲ့သူတွေကို ဒေါ်လာ ၁၂ ဘီလီယံ အစိုးရဘက်က တစိတ်တပိုင်း ကျခံပေးမှုနဲ့ အရင်က ကူညီပေးခဲ့ပြီး တကယ်လို့ လုပ်ဖို့ လိုအပ်ရင် ထပ်လုပ်မှာ ဖြစ်တယ်လို့လည်း စီးပွားရေး အကြံပေး အရာရှိချုပ်က ပြောဆိုပါတယ်။ အမေရိကန်ကို ပို့တဲ့ တရုတ် ကုန်တွေထဲက ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းတွေ အပေါ် မူလက အခွန် ၁၀ ရာခိုင်နှုန်း ကောက်နေတာကနေ ပြီးခဲ့တဲ့ သောကြာနေ့မှာ အခွန် ၂၅ ရာခိုင်နှုန်း အထိ အမေရိကန် သမ္မတက တိုးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းတွေ အပေါ် အခွန်ကောက်ဖို့လည်း ဆောင်ရွက်နေတာပါ။ အိမ်ဖြူတော်ရဲ့ စီးပွားရေး အကြံပေး အရာရှိချုပ် Kudlow ကတော့ သွင်းကုန်တွေ အပေါ် အခွန်ကောက်ရေး အပြည့်အ၀ ဖြစ်ဖို့က လနဲ့ချီ အချိန်ယူရနိုင်တယ်လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ ဒေါ်လာ ဘီလီယံ ၁၁၀ တန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အခွန်တိုးကောက်ခဲ့ပြီး အခုနောက်ဆုံး အမေရိကန်ရဲ့ အခွန်တိုးကောက်မှု အပေါ်မှာတော့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ မပြောသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG