ရိုဟင်ဂျာအရေး ကန်အထင်ကရ အမတ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့

မှတ်တမ်းဓာတ်ပုံ- အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကောာ်မတီ ဥက္ကဌ Ed Royce နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ်ကတွေ့ဆုံ။

မှတ်တမ်းဓာတ်ပုံ- အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကောာ်မတီ ဥက္ကဌ Ed Royce နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ်ကတွေ့ဆုံ။

အမေရိကန် ပြည်ထောင်စုရဲ့ အထင်ကရ နိုင်ငံရေးသမားကြီးတွေ ဖြစ်ကြတဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဌ အက်ဒ်ရွိုက်စ် တို့က သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ အသီးသီး စာရေးသား ခဲ့ကြပါတယ်။

ရခိုင်မြောက်ပိုင်း ပြသနာမှာ ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပြီး လူ့အခွင့်အရေး အတွက် တာဝန်ရှိမှုတွေကို အတိအကျ လုပ်ဆောင်ကြောင်း ပြသဖို့ သူ့အခေါ် ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု လူမှု အသိုင်းအဝိုင်းတွေကို အကာကွယ်ပေးဖို့ ဂျွန်မက်ကိန်းက တိုက်တွန်းထားပြီး မြန်မာအစိုးရရဲ့နိုင်ငံရေး လူမှုရေး ပြုပြင်ပြောင်းလဲမှုကို သူ့အနေနဲ့ ဆက်လက် ကူညီသွားမယ်လို့လည်း ပြောကြား ထားပါတယ်။

အက်ဒ်ရွိုက်စ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရနဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံသား အားလုံးကို ဘာသာလူမျိုးမရွေး အကာအကွယ်ပေးဖို့နဲ့ သူ့အခေါ် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

အလားတူစွာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သူတို့ အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့အိမ်ဖြူတော် ပြောခွင့်ရ ဆာရာဆန်းဒါးက အင်္ဂါနေ့ ပြုလုပ်ခဲ့တဲ့ သမ္မတ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။