Biden နိုင်တဲ့ ရွေးကောက်ပွဲရလဒ် အပြီးသတ် ပြင်ဆင်နေချိန် Trump ဆက်လက်ကန့်ကွက်

အမေရိကန်သမ္မတ Donald Trump. (ဒီဇင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲကနေ အမေရိကန်နိုင်ငံရဲ့ ၄၆ ဆက်မြောက် သမ္မတအဖြစ် ဒီမိုကရက်တစ်ပါတီက Joe Biden ကို ရွေးချယ်တင်မြှောက်ကြောင်း Electoral College ခေါ် ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေးအဖွဲ့က တရားဝင်ကြေညာဖို့ တရက်ပဲလိုတော့တဲ့ တနင်္ဂနွေနေ့အထိ သမ္မတ Donald Trump က ဒုတိယသက်တမ်း ပြန်အအရွေးခံရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သမ္မတ Trump တင်ပြချက်တွေကို ဒါဇင်နဲ့ချီတဲ့ တရားရုံးတွေက မဟုတ်မှန်ကြောင်း ဆုံးဖြတ်ခဲ့ကြပေမယ့် တနင်္ဂနွေနေ့ Fox သတင်းဌာနရဲ့ မေးမြန်းခန်းမှာ သမ္မတက ဒီကိစ္စဟာ မပြီးဆုံးသေးသလို သူတို့ ဆက်ပြီး လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ပန်ဆယ်လ်ဗေးနီးယား၊ မီရှီဂန်နဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာ မဲအများအပြားနဲ့ နိုင်ခဲ့ပေမယ့် မဲအခိုးခံခဲ့ရကြောင်း ပြောကြားခဲ့တာပါ။

SEE ALSO: ပြည်နယ် ၄ ခု မဲရလဒ်အငြင်းပွားမှု ကန်တရားရုံးချုပ် ပယ်ချ

ဒါပေမယ့်လည်း အထက်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၃၆ နှစ်နဲ့ ဒုသမ္မတအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ Joe Biden ကို ရွေးချယ်ကြောင်း Electoral College က တနင်္လာနေ့မှာပဲ တရားဝင်ကြေညာဖို့ ရှိပါတယ်။

ဒီအဖွဲ့က Joe Biden ကို ကိုယ်စားလှယ်မဲ ၃၀၆ မဲနဲ့ မဲပေါင်း ၂၃၂ မဲရတဲ့ သမ္မတ Trump ကို အနိုင်ရကြောင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ၂၀၁၆ တုန်းက ဒီမိုကရက်တစ်ပါတီက Hillary Clinton ကို သမ္မတ Trump အနိုင်ရခဲ့တဲ့ မဲအရေအတွက်နဲ့ တူပါတယ်။

စနေနေ့ကတော့ သမ္မတ Trump ကို ထောက်ခံသူတွေ စနေနေ့က ဝါရှင်တန်ဒီစီမှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လမ်းမတွေပေါ်မှာလည်း သမ္မတကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အဓိကရုဏ်းတွေ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာနဲ့ ဆေးရုံတင်ခဲ့ရသူ ၄ ဦးရှိခဲ့သလို ၂၃ ဦး အဖမ်းခံခဲ့ရတယ်လို့ ဝါရှင်တန်ဒီစီရဲက ပြောပါတယ်။

Your browser doesn’t support HTML5

Biden နိုင်တဲ့ ရွေးကောက်ပွဲရလဒ် အပြီးသတ် ပြင်ဆင်နေချိန် Trump ဆက်လက်ကန့်ကွက်

---------------------------

(Unicode)




SEE ALSO: ရွေးကောက်ပွဲဆိုင်ရာ တရားစွဲတာတွေ သမ္မတ Trump ဆက်လုပ်နေဆဲ


