ဗဟို အမေရိကတိုက် နိုင်ငံတွေ ဖြစ်တဲ့ El Salvador၊ Guatemala နဲ့ ဟွန်ဒူးရပ်စ် နိုင်ငံသုံးခု အပေါ် အမေရိကန် အထောက်အပံ့ ဖြတ်တောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ဒီနိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်သူတွေ ရောက်လာတဲ့ အပေါ် သမ္မတ Donald Trump က ထိုးနှက် ပြောဆိုပြီး နောက်နေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။
သမ္မတရဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်နေပြီး ဒီ ၃ နိုင်ငံ အတွက် ၂၀၁၇ နဲ့ ၂၀၁၈ ဘဏ္ဍာနှစ် နိုင်ငံရပ်ခြား အထောက်အပံ့ အစီအစဉ်တွေကို အဆုံးသတ်နေပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အချိန်ကာလ အပိုင်းအခြားနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုရော၊ အသေးစိတ် အချက်အလက်တွေကိုရော နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပေးဖို့ ငြင်းပါတယ်။ လွှတ်တော်နဲ့လည်း ထိတွေ့ ဆောင်ရွက်သွားပါမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောဆိုပြီး ဒီငွေကြေးထောက်ပံ့မှုကို အဆုံးသတ်ရေး အတွက် လွှတ်တော် အမတ်တွေရဲ့ အတည်ပြုချက် လိုအပ်မယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘော ပြောဆိုထားပါတယ်။
အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ထိပ်တန်း ဒီမိုကရက်၊ နယူးဂျာဆီ အထက်လွှတ်တော် အမတ် Bob Menendez ကတော့ သမ္မတ Trump ရဲ့ ညွှန်ကြားချက်ကို မဆင်မခြင် ကြေညာချက် အဖြစ် ပြောဆိုလိုက်ပြီး ဒီကိစ္စကို ဒီမိုကရက်တွေနဲ့ ရီပတ်ပလီကန်တွေ အတူတူ ပယ်ချကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုထဲကို ရွှေ့ပြောင်းတွေ ရောက်လာစေရေး အတွက် နိုင်ငံတွေက ရွှေ့ပြောင်း အခြေချသူ လူအုပ်ကြီးတွေ ဖန်တီးနေကြတာလို့ ပြီးခဲ့တဲ့ သောကြာနေ့က ဖလော်ရီဒါ ခရီးစဉ် အတွင်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။
Your browser doesn’t support HTML5