သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ နိုင်ငံတကာအကူအညီဖြတ်တောက်မှု လွှတ်တော်အမတ်တွေ ဝေဖန်


နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သမ္မတ Trump အဆိုပြုထားတဲ့ အသုံးစရိတ်လျှော့ချမှုကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှာ တင်ပြ
နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သမ္မတ Trump အဆိုပြုထားတဲ့ အသုံးစရိတ်လျှော့ချမှုကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှာ တင်ပြ

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၀ အစိုးရအသုံးစရိတ်ထဲမှာ သံတမန်ရေးရာနဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုအသုံးစရိတ် သန်းထောင်နဲ့ချီ ဖြတ်တောက်ထားတဲ့အပေါ် လွှတ်တော်အမတ်တွေ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ သမ္မတ Donald Trump အဆိုပြုထားတဲ့ အသုံးစရိတ်လျှော့ချမှုကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ကြားနာပွဲအတွင်း ခုခံထွက်ဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာမဲခွဲဖို့ အသုံးစရိတ်မူကြမ်းကိုတင်ပြတာနဲ့ ပယ်ချမယ်လို့ ကော်မတီဥက္ကဋ္ဌက ပြတ်ပြတ်သားသားပြောထားတဲ့အကြောင်း VOA ရဲ့ နိုင်ငံခြားရေးဌာနဆိုင်ရာ သတင်းထောက် Cindy Saine ကသတင်းပို့ပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

အမေရိကန်အစိုးရအဆိုပြုထားတဲ့ ၂၀၂၀ ခုနှစ်အတွက် အသုံးစရိတ်မှာ နိုင်ငံတကာအထောက်အပံ့နဲ့ သံတမန်အသုံးစရိတ် ဒေါ်လာ ၁၁ ဘီလျံ ဖြတ်တောက်ထားတဲ့ ကိစ္စကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ကြားနာပွဲအတွင်း အဓိကအာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ ဖြတ်တောက်ထားတဲ့ အသုံးစရိတ်တွေထဲမှာ ဒုက္ခသည်ပြန်လည်နေရာချထားရေးအသုံးစရိတ်၊ ကမ္ဘာတဝန်းကျန်းမာရေး စောင့်ရှောက်မှုအတွက်ပေးတဲ့ အသုံးစရိတ်တို့အပြင် တခြားထောက်ပံ့ကူညီမှုတွေ ပါဝင်ပါတယ်။ ကော်မတီဥက္ကဋ္ဌ Democrat အမတ်ရော ကော်မတီဝင် Republican အမတ်တွေပါ ခုလိုဖြတ်တောက်မှုကို ကန့်ကွက်ပြောကြားခဲ့ကြပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Eliot Engelက

“ကမ္ဘာကြီးနဲ့ကင်းကွာတဲ့ Trump ရဲ့နိုင်ငံခြားရေးမူဝါဒကို ဒီဘတ်ဂျက်အသုံးစရိတ်က ပြလိုက်တာလို့ ကျွန်တော်ကတော့မြင်ပါတယ်။ အမေရိကန်ရဲ့ ဦးဆောင်မှု အလိုအပ်ဆုံးနေရာတွေကနေ နောက်ဆုတ်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အီရန်နိုင်ငံတို့လို ကျွန်တော်တို့နဲ့ တန်ဖိုးထားမှုခြင်း မတူတဲ့နိုင်ငံတွေက နောက်ဆုတ်လိုက်တဲ့ အမေရိကန်နေရာမှာ ပျော်ပျော်ကြီး ဝင်ပြီးနေရာယူသွားကြပါလိမ့်မယ်။”

အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Eliot Engel ဖြစ်ပါတယ်။

ဘတ်ဂျက်မူကြမ်းကို မဲခွဲအတည်ပြုဖို့ လွှတ်တော်အဆောက်အဦးကို ရောက်လာတာနဲ့ ပယ်ချပြီးသားဖြစ်မှာပဲလို့လည်း သူကပြောကြားခဲ့ပါတယ်။ ကော်မတီဝင် Republican အမတ် Michael McCaul ကလည်း အသုံးစရိတ်တွေဖြတ်တာကြောင့် ရေရှည်အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ကြားနာပွဲမှာ ပြောသွားပါတယ်။

“ ဥက္ကဋ္ဌပြောတာကို ကျွန်တော်လည်း သဘောတူပါတယ်။ တချို့အသုံးစရိတ်ဖြတ်တောက်မှုတွေ ကနေ ဖြစ်လာမယ့် ရည်ရွယ်မထားတဲ့ အကျိုးဆက်တွေက ရေရှည်မှာ အမေရိကန်အတွက် ပိုတောင်ထိခိုက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ၊ ဒီမိုကရေစီကိုမြှင့်တင်ပြီးဆောင်ရွက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုအစီအစဉ်တွေ၊ စီးပွားရေးတိုးတက်အောင် ကူညီတဲ့အထောက်အပံ့တွေ၊ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်ရန်ရှိတဲ့နေရာတွေမှာ တည်ငြိမ်စေရေးအတွက် ထောက်ပံ့ကူညီနေတဲ့ ဘဝရှင်သန်စေရေး အကူအညီတွေကို ဖြတ်တဲ့အတွက် အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ရှိလာနိုင်တဲ့ရန်တွေကို သိပေမဲ့ အမေရိကန်အခွန်ထမ်းပြည်သူတွေ ဝန်ပိနေတဲ့ အပေါ် အစိုးရက ထည့်တွက်ရမယ်လို့ ခုခံပြောဆိုသွားပါတယ်။

“ အာဏာအားပြိုင်မှုတွေ ပြန်ဖြစ်နေချိန်မှာ တရုတ်နဲ့ ရုရှားတို့ဖက်က မဟာဗြူဟာအရ အသာစီးမရစေအောင် အမေရိကန်က အသေအချာဆောင်ရွက်ပါမယ်။ မြောက်ကိုရီးယားက Nuclear ဖျက်သိမ်းရေးကို အပြီးတိုင် အပြည့်အဝလုပ်လာတဲ့အထိ အမေရိကန်က ဆက်လုပ်သွားမှာပါ။ Venezuela နိုင်ငံမှာ ဒီမိုကရေစီပြန်ရအောင် ငြိမ်းငြိမ်းချမ်းချမ်း ကြိုးစားနေကြတဲ့ Venezuela ပြည်သူတွေကို ဆက်ပြီးထောက်ခံမှု ပေးသွားမှာပါ။”

Venezuela မှာဒီမိုကရေစီအကူးအပြောင်းအတွက် အားပေးကူညီသွားမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Pompeo က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကြားနာပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG