သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ် ပိတ်ပစ်နိုင်ခြေရှိဟု သမ္မတထရမ့်ဆို


အမေရိကန်သမ္မတ Donald Trump (မတ်၊ ၂၉၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump (မတ်၊ ၂၉၊ ၂၀၁၉)

အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံ နယ်စပ်ကို ရက်ပိုင်းအတွင်း ပိတ်ပစ်နိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ Donald Trump က သတင်းထောက်တွေကို မနေ့ သောကြာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေ ဆက်ပြီးဝင်လာနေတဲ့အပေါ် သမ္မတ Trump စိတ်အနှောင့်အယှက် ဖြစ်နေတာပါ။

လာမယ့် တပတ်မှာ မက္ကဆီနယ်စပ်ကို ပိတ်ပစ်နိုင်ခြေရှိပြီး သူ့အနေနဲ့ ဒီလိုလုပ်ဖို့ မခက်ခဲပါဘူးလို့ ဖလော်ရီဒါပြည်နယ်က သူ့ကိုယ်ပိုင် Mar-a-Lago အပန်းဖြေရိပ်သာမှာ သမ္မတ Trump ကသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

အမေရိကတိုက် အလယ်ပိုင်းက ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို အဆုံးသတ်သွားအောင် မက္ကဆီကိုဘက်က အပြည့်အ၀ လုပ်ကိုင်တာမျိုး မရှိဘူးဆိုပြီး သမ္မတ Trump က သောကြာနေ့ အစောပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ရွှေ့ပြောင်းလူအုပ်ကြီး အမေရိကန်ထဲ ဝင်မလာအောင် မက္ကဆီကိုဘက်က မတားဆီးနိုင်ဘူးဆိုရင် အမေရိကန်ဘက်က နယ်စပ်ကို အချိန်အတော်ကြာအောင် ပိတ်ပစ်မယ်လို့လည်း သမ္မတ Trump ကပြောပါတယ်။

အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားတဲ့ ရာနဲ့ချီတဲ့သူတွေပါတဲ့ ရွှေ့ပြောင်းလူအုပ်ကြီးကို ရည်ညွှန်းပြောဆိုခဲ့တဲ့ သမ္မတ Trump က မက္ကဆီတာဝန်ရှိသူတွေဘက်က အဲဒီလူတွေကို ဟန့်တားဖို့ ချင်ချင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အဲဒီလူအုပ်ကြီးကို ဟန့်တားဖို့ မက္ကဆီကိုဘက်က ဘာမှဆောင်ရွက်တာမရှိဘူးဆိုပြီး သမ္မတ Trump က Twitter ကနေ သောကြာနေ့က ပြောဆိုပေမယ့် မက္ကဆီကိုတာဝန်ရှိသူတွေကတော့ ရွှေ့ပြောင်းလူအုပ်ကြီးကို လူစုကွဲသွားအောင် ကြိုးစားလုပ်ကိုင်နေပြီး ဖမ်းဆီးတာ၊ နေရပ်ပြန်ပို့တာမျိုးလည်း တိုးပြီး လုပ်ကိုင်နေတဲ့အပြင် ဂွါတီမာလာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှုဆိုင်ရာ ပြည်ဝင်ခွင့် ဗီဇာတွေကိုလည်း ထုတ်မပေးတော့ဘူးလို့ ပြောပါတယ်။

နယ်စပ် ပိတ်ပစ်မယ်ဆိုတဲ့ သမ္မတ Trump ခြိမ်းခြောက်ပြောဆိုထားတဲ့ အထဲမှာ လေကြောင်းခရီးစဉ်တွေ ပါ-မပါဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG