အီရန်နိုင်ငံအနေနဲ့ ဘယ်လိုရန်စမှုမျိုးကိုမဆို အပြင်းအထန်တုံ့ပြန်မယ်လို့ အီရန်က ဒီကနေ့ စနေနေ့မှာပဲ သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နယ်မြေတွေကို ကျူးကျော်ဝင်လာမယ့် ဘယ်ကိုကိစ္စမျိုးကိုမဆို ခွင့်ပြုမှာ မဟုတ်သလို အမေရိကန်ရဲ့ ခြိမ်းခြောက်ရန်စမှုတွေကိုလည်း ခိုင်မာစွာ ရင်ဆိုင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Abbas Mousavi ကTasnim သတင်းဌာနကို ပြောဆိုခဲ့တာပါ။
အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ်တွေကို Hormuz ပင်လယ်ကွေ့မှာ အီရန်က ပစ်ချခဲ့တာကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ Donald Trump က အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အရပ်သား ၁၅၀ လောက် ထိခိုက်သေဆုံးနိုင်တယ်ဆိုတဲ့အတွက်အီရန်နိုင်ငံရဲ့ ရေဒါတွေနဲ့ ဒုံးပစ်စင်တွေလို ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အမိန့်ကို ၁၀ မိနစ်အလိုမှာ ပြန်ရုပ်လိုက်ကြောင်း မနေ့သောကြာနေ့ကပဲ သမ္မတ Trump က တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အီရန်ကိုတိုက်ဖို့ သူ့အနေနဲ့အလျင်မလိုပါဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တဖန်ပြန် ဆွေးနွေးလာအောင် ဒဏ်ခတ်ပိတ်ဆို့ထားတာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ကြီးလေးတဲ့ ဒဏ်ခတ်မှု အသစ်တွေ ထပ်ပြီးချမှတ်ခဲ့ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်အမတ် နန်စီပလိုစီကတော့ အီရန်နိုင်ငံ ဆက်ဆံရေးဟာ အလွန်အန္တရာယ်များပြီး ထိလွယ်ရှလွယ်ဖြစ်တဲ့ အခြေအနေကို ရောက်နေကြောင်းနဲ့ အမေရိကန်ဘက်က တုံ့ပြန်မယ်ဆိုရင်တော့ တင်းမာမှုတွေ ပြေလျော့ပြီး အမေရိကန်အတွက် အကျိုးများစေမယ့် တုံ့ပြန်မှုမျိုးသာ ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
အီရန်ကို စစ်ရေးအရ တိုက်ခိုက်မယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို အမေရိကန်လွှတ်တော်ရဲ့ အတည်ပြုချက် အရင်ဆုံး လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဋ္ဌ မစ္စပလိုစီက ပြောပါတယ်။
Your browser doesn’t support HTML5