သူတိုရဲ့ပိုင်နက်ထဲဝင်လာတဲ့ အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးယာဉ်တခုကို ဒီကနေ့ ကြာသပတေးနေ့မှာ မတော်တဆ ပစ်ချလိုက်မိကြောင်း အီရန်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီ အဝေးထိန်း ဒုံးယာဉ်ကို အီရန်က နိုင်ငံတကာ လေကြောင်းပိုင်နက်အတွင်းမှာ ပစ်ချ လိုက်တာလို့ အမေရိကန်က ပြောပါတယ်။
အီရန်တို့ရဲ့အဆိုအရကတော့ အီရန်လေကြောင်းပိုင်နက်ထဲရောက်လာတဲ့ RQ-4 Global Hawk အမျိုးအစား အဲဒီ အဝေးထိန်း ဒုံးယာဉ်ကို Hormuz ရေလက်ကြားအနီးက Hormozgan ခရိုင်အတွင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပစ်ချလိုက်တာလို့ ဆိုပါတယ်။
အမေရိကန်အရာရှိတွေကတော့ အဲဒီ ဒုံးယာဉ်ဟာ MQ-4C Triton အမျိုးအစားဖြစ်ပြီး Hormuz ရေလက်ကြားပေါ်မှာ ပျံသန်းနေစဉ် ပစ်ချခံလိုက်ရတာလို့ ပြောပါတယ်။
အမေရိကန်ဘက်က ဘယ်လေယာဉ်မှ အီရန်လေကြောင်းပိုင်နက်ထဲမှာ ဒီကနေ့ ပျံသန်းခဲ့ခြင်း မရှိဘူးလို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Bill Urban က ဗွီအိုအေကို ပြောပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုပြောဖို့ သူက ငြင်းဆိုခဲ့ပါတယ်။
အမေရိကန် အဝေးထိန်း ဒုံးယာဉ်ကို အီရန်က ပစ်ချဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကြိုးစားခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ Hormuz ရေလက်ကြားအတွင်း ရေနံတင်သင်္ဘော ၂ စီးကို အီရန်က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ ပြောဆိုလိုက်ပြီးတဲ့နောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။ အီရန်ကတော့ အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
အီရန်နဲ့ အင်အားကြီးနိုင်ငံတွေအကြား ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကနေ သမ္မတ Donald Trump က နုတ်ထွက်လိုက်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတွေ တင်းမာလာနေခဲ့တာပါ။