အမေရိကန် ပြည်ထောင်စု အချုပ်ခန်းမှာ ဂွါတီမာလာ နိုင်ငံက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် ဘယ်လို သေဆုံးခဲ့ရသလဲ ဆိုတဲ့ အဖြေကို သိရဖို့ အမေရိကန် လွှတ်တော် အမတ်တွေ ဒီသတင်းပတ် အတွင်း New Mexico ကို သွားရောက်ကြမှာပါ။ Jakelin Caal Maquin ကို ဖခင်ဖြစ်သူနဲ့ အတူ ထိန်းသိမ်းခဲ့တဲ့ New Mexico ပြည်နယ် Lordsburg မြို့က Lordsburg Station စခန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သွားရောက်မယ့် အကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ စပိန်စကားပြော လူမှုအသိုင်းအဝိုင်းဆိုင်ရာ လွှတ်တော် အဖွဲ့က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညက အမေရိကန် အကောက်ခွန်နဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေထဲမှာ Jakelin Caal Maquin တို့ သားအဖလည်း ပါဝင်ခဲ့တာပါ။ Jakelin ကတော့ Sepsis လိ့ု ခေါ်တဲ့ ခန္ဓာကိုယ်တခုလုံးရဲ့ သွေးထဲမှာ ရောဂါပိုး ပျံ့နှံ့သွားတဲ့ ရောဂါခံစားနေရတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပဏာမ ကောက်ချက်ချခဲ့ပြီးနောက် ၂၇ နာရီ အကြာမှာဘဲ တက္ကဆက် ပြည်နယ် El Paso က ဆေးရုံမှာ ကွယ်လွန်ခဲ့ရတယ်လို့ အမေရိကန် အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ဒီမိန်းကလေးငယ် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မထုတ်ပြန်သေးပါဘူး။
New Mexico တောင်ပိုင်း အစွန်အဖျား ဒေသကနေ ဒီဇင်ဘာလ ၆ ရက်နေ့ ညက ဖမ်းခံရတဲ့ ရွှေ့ပြောင်း ၁၆၃ ယောက်ထဲမှာ လူကြီး အစောင့်အရှောက် မပါတဲ့ ကလေး ၅၀ ကို Lordsburg Station ကို အရင်ဆုံး ပို့ခဲ့တယ်လို့လည်း အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။ Lordsburg ကို အသွားလမ်းမှာဘဲ Jakelin ရဲ့ ရောဂါက ပိုဆိုးလာခဲ့တယ်လို့လည်း အာဏာပိုင်တို့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ် အရွယ် Jakelin က အသက် ၂၉ နှစ် အရွယ် ဖခင်ဖြစ်သူ Nery Caal နဲ့ အတူ ဂွါတီမာလာနိုင်ငံကနေ ထွက်လာပြီး အမေရိကန် နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။ သူတို့ သားအဖ နှစ်ယောက်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဂွါတီမာလာက အိမ်ကနေ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။
အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သေဆုံးသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ဂွါတီမာလာနိုင်ငံက ရွှေ့ပြောင်းအခြေချနေထိုင်သူ မိန်းကလေးဟာ သူ့အဖေနဲ့ ခွဲလို့မရဘဲ၊ သူ့မိသားစုကို ထောက်ပံ့ဖို့အတွက် ငွေပို့ချင်တဲ့သူဖြစ်တယ်လို့ သူမရဲ့ ဆွေမျိုးတွေက စနေနေ့က ပြောလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် Nery Caal နဲ့ သူမရဲ့ သမီးဖြစ်တဲ့ Jakelin တို့ဟာ ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ် နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေထံမှာ အဖမ်းခံခဲ့ကြတဲ့ သူ ၁၆၀ ထဲမှာ ပါဝင်တာဖြစ်ပါတယ်။ Jakelin ဟာ အမေရိကန် အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အပြင်းအထန် နေမကောင်းဖြစ်ပြီး၊ နာရီပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
Jakelin က သူအရွယ်ရောက်တဲ့အခါ၊ အလုပ်လုပ်ပြီး၊ သူ့ အမေ နဲ့ အဖွားအတွက် ပိုက်ဆံပြန်ပို့ပေးမယ်လို့ ပြောကြောင်း၊ သူမရဲ့ မိခင်ဖြစ်တဲ့ Claudia Maquin က ပြောပါတယ်။ သူတို့မိသားစုဟာ အလွန်အမင်းဆင်းရဲတဲ့ဒဏ်ကနေ ရုန်းထွက်နိုင်ဖို့အတွက် သူမရဲ့ အမျိုးသားဟာ အမေရိကန်ပြည်ထောင်စုကို သွားနိုင်ဖို့ ဘယ်လိုမျိုးလမ်းကြောင်းရှာခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပြီး၊ သမီးဖြစ်တဲ့ Jakelin ဟာ အမေရိကန်လို နိုင်ငံအကြီးကြီးကို တခါမှ မတွေ့ဖူးတာကြောင့်၊ သွားရမယ်ဆိုတဲ့အတွက် ပျော်နေခဲ့တယ်လို့လည်း Claudia Maquin က ပြောပါတယ်။ Jakelin မှာ နောက်ထပ် မွေးချင်း မောင်နှမ ၃ ယောက် ရှိတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
Your browser doesn’t support HTML5