NATO စစ်စရိတ် တိုးထည့်ဖို့ ကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

NATO ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pete Hegseth (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅)

မြောက်အတ္တလန်တိတ်စစ်ရေး NATO အဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်ထည့်ဝင်ကြဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်မှာ ကျင်းပနေတဲ့ NATO ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ ဒီနေ့ ကြာသပတေးနေ့မှာ ဝန်ကြီးက တိုက်တွန်းပြောကြားတာဖြစ်ပါတယ်။

ယူကရိန်းကိုရုရှားက စစ်ဝင်တိုက်နေတာဟာ ဥရောပတိုက်အတွက် အရေးပေါ် လက်ရှိကြုံနေရတဲ့ ခြိမ်းခြောက်ရန်တခုဖြစ်တာကြောင့် စစ်အသုံးစရိတ် ပိုသုံးဖို့ သတိပေးချက်ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး Pete Hegseth ကပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးရဲ့ ၂% ထည့်ဝင်ဖို့ လက်ရှိသတ်မှတ်ထားတာကို ၅% လောက်အထိ တိုးပြီး ထည့်ဝင်သင့်တယ်လို့ ဝန်ကြီး Hegseth ကပြောကြားခဲ့ပါတယ်။

အခုလို NATO အဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးကို NATO အတွင်းရေးမှူးချုပ် Mark Rutte ကလည်း အဆင်ပြေ မျှတပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ NATO အဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ် ပိုထည့်ဝင်ဖို့ အမေရိကန်သမ္မတ Donald Trump က တွန်းအားပေးနေတဲ့တချိန်တည်းမှာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ ရုရှားသမ္မတ Vladimir Putin နဲ့ မကြာခင် ဆွေးနွေးဖို့ရှိတယ်ဆိုတာကိုလည်း အရိပ်အမြွက် ပြောဆိုထားပါတယ်။

ယူကရိန်းမပါဝင်ဘဲ ယူကရိန်းအရေးဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ထောက်ပြထားပါတယ်။ ဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ လိုလားချက်ဟာ အဓိကကျတယ်လို့လည်း ဆိုပါတယ်။ အခုလို ရုရှားသမ္မတနဲ့ အမေရိကန်သမ္မတတို့ ဖုန်းပေါ်မှာ ဆွေးနွေးတာဟာ ယူကရိန်းကို အမေရိကန်ကသစ္စာဖောက်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကာကွယ်ပြောကြားခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ ရုရှားကျူးကျော်စစ်မစခင် ယူကရိန်းနယ်မြေတွေကို ပြန်ရဖို့ဆိုတာ ယူကရိန်းရဲ့ လက်တွေ့မကျတဲ့ ရည်မှန်းချက်ဖြစ်တယ်လို့လည်း သူက ပြောကြားထားပါတယ်။

Your browser doesn’t support HTML5

NATO စစ်စရိတ် တိုးထည့်ဖို့ ကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း