ကန်တက္ကသိုလ် ဝင်ခွင့်ရအောင် လိမ်ညာမှု လူ ၅၀ ကို တရားစွဲ

Edge College & Career Network ကို တည်ထောင်ခဲ့တဲ့ William Singer (အရှေ့) Boston မြို့ တရားရုံးကနေ ထွက်လာစဉ် (မတ်၊ ၁၂၊ ၂၀၁၉)

အမေရိကန် ပြည်ထောင်စုမှာ နာမည်ကြီး တက္ကသိုလ်တွေ တက်နိုင်အောင် လိမ်ညာမှု၊ လာဘ်ထိုးမှုတွေနဲ့ လူပေါင်း ၅၀ ကို အစိုးရရှေ့နေတွေက တရားစွဲလိုက်ပါတယ်။ လူချမ်းသာတွေ၊ ရုပ်ရှင်လောက အကျော်အမော်တွေ၊ ကုမ္ပဏီ အကြီးအကဲတွေက သူတို့ရဲ့ကလေးတွေကို အထင်ကရ တက္ကသိုလ်ကြီးတွေ ဝင်ခွင့်ရအောင် ဒေါ်လာ သန်းချီ အထိ လာဘ်ပေးခဲ့မှုကို အစိုးရက ဖော်ထုတ် နှိမ်နှင်းလိုက်တာ ဖြစ်ပါတယ်။

ပူးပေါင်း လိမ်ညာမှုနဲ့ ဖမ်းဆီး တရားစွဲခံရတဲ့ထဲမှာ တက္ကသိုလ် အားကစား နည်းပြတွေ၊ ကျောင်းဝင်ခွင့် တာဝန်ခံတွေလည်း ပါဝင်ပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်။

အမေရိကန်က အထင်ကရ တက္ကသိုလ်ကြီးတွေမှာ ဝင်ခွင့်ရအောင် လိမ်လည် ဆောင်ရွက်ပေးခဲ့သူတွေထဲမှာ အဓိကကျသူကတော့ William "Rick" Singer ဆိုသူ ဖြစ်ပါတယ်။ Edge College & Career Network ဆိုတဲ့ ပရဟိတ လုပ်ငန်းအတုနဲ့ တက္ကသိုလ် ဝင်ချင်သူတွေဆီက ငွေယူပြီး တက္ကသိုလ် ဝင်ခွင့် အမှတ်မှီအောင် လိမ်ညာ လုပ်ပေးခဲ့သလို၊ အားကစား ထူးချွန်သူတွေ ဖြစ်တယ်ဆိုတာမျိုး လိမ်ညာ ဆောင်ရွက်ပေးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ငွေကြေး ခဝါချမှု၊ အမေရိကန် ပြည်ထောင်စုအပေါ် ကြံစည် လိမ်လည်မှုတို့ အပါအဝင် အမှု တော်တော်များများနဲ့ Boston မြို့ ပြည်ထောင်စု တရားရုံးမှာ တရားစွဲထားတဲ့ အမှုတွေအတွက် အပြစ်ရှိတယ်လို့ William Singer က အင်္ဂါနေ့က ဝန်ခံခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ ကိစ္စတွေက အမေရိကန် ပြည်ထောင်စု သမိုင်းမှာ တက္ကသိုလ် ဝင်ခွင့်ရရေး အကြီးကျယ်ဆုံး လိမ်ညာမှုကြီး ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အစိုးရရှေ့နေ Andrew Lelling ကသတင်း စာရှင်းပွဲမှာ ခုလို ပြောသွားပါတယ်။

“တက္ကသိုလ် ဝင်ခွင့် SAT နဲ့ ACT စာမေးပွဲတွေမှာ အမှတ် ကောင်းအောင် လိမ်ညာမှု၊ အထင်ကရ တက္ကသိုလ်ကြီးတွေမှာ ဝင်ခွင့်ရအောင် အဲဒီ တက္ကသိုလ်တွေက အားကစား နည်းပြတွေကို လာဘ်ထိုးပြီး အားကစား ထူးချွန်တဲ့ ကျောင်းသားတွေလိုလုပ် ကျောင်းအပ်မှုတို့ အပါအဝင် ပူးပေါင်း ကြံစည်မှုနဲ့ တနိုင်ငံလုံးမှာ လူပေါင်း ၅၀ ကို တရားစွဲခဲ့ပါတယ်။”

Yale တက္ကသိုလ်၊ Georgetown တက္ကသိုလ်တို့လို ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက အားကစား နည်းပြ ၉ ယောက်ကိုလည်း လာဘ်စားမှု၊ တကယ် အားကစား မလုပ်သူတွေကို ထူးချွန်တဲ့ အားကစား သမားတွေ အဖြစ် လိမ်ညာပေးမှုတို့နဲ့ တရားစွဲထားတယ်လို့ အစိုးရရှေ့နေ Lelling ကပြောပါတယ်။

ကျောင်းသားမိဘ ၃၃ ယောက်ကိုလည်း ငွေကြေး အမြောက်အများ ပေးပြီး ကျောင်းဝင်ခွင့်ရအောင် လာဘ်ထိုးမှု၊ ပညာရေးနဲ့ အားကစား ထူးချွန် လက်မှတ် အတုတွေ လုပ်မှုတို့နဲ့ တရားစွဲထားပါတယ်။ အဲဒီထဲမှာ နာမည်ကြီး အမေရိကန် ရုပ်သံ စီးရီးတွေဖြစ်တဲ့ Desperate Housewives မှာ သရုပ်ဆောင်တဲ့ မင်းသမီး Felicity Huffman နဲ့ Full House စီးရီးမှာ သရုပ်ဆောင်တဲ့ Lori Loughlin တို့လည်း ပါဝင်ပါတယ်။

“ဒီ ကျောင်းသား မိဘတွေဟာ ချမ်းသာပြီး အခွင့်ထူးရကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ထဲမှာ ပုဂ္ဂလိက လုပ်ငန်းကြီးတွေ အစိုးရ လုပ်ငန်းကြီးတွေက အမှုဆောင် အရာရှိချုပ်တွေ၊ အစုရှယ်ယာနဲ့ အိမ်ခြံမြေ လုပ်ငန်းတွေမှာ အောင်မြင်တဲ့ ရင်းနှီး မြှုပ်နှံသူတွေအပြင်၊ လူသိများတဲ့ မင်းသမီး ၂ ယောက်၊ နာမည်ကြီး Fashion designer တယောက်နဲ့ နိုင်ငံတကာ ဥပဒေ အကျိုးဆောင် လုပ်ငန်းကြီးရဲ့ ပူးတွဲ ဥက္ကဋ္ဌ တယောက်လည်း ပါဝင်ပါတယ်။

သူတို့ အားလုံးဟာ မမှန်မကန် လုပ်ပေးမှန်း သိရက်နဲ့ Singer နဲ့ပေါင်းပြီး သူတို့ကလေးတွေ တက္ကသိုလ် ဝင်ခွင့် အမှတ် ကောင်းအောင် လိမ်ညာခဲ့ကြသလို၊ လာဘ်ပေးပြီး အထင်ကရ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရအောင် လုပ်ခဲ့ကြပါတယ်။”

အဲဒီ မိဘတွေဟာ ဒေါ်လာ ၁ သိန်းကနေ ၆ သန်းခွဲအထိ William Singer ကို ပေးပြီး အထင်ကရ တက္ကသိုလ်ကြီးတွေမှာ သူတို့ကလေးတွေ တက်နိုင်ဖို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးခဲ့တဲ့အတွက် Singer ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၅ သန်းလောက် ရရှိခဲ့ပါတယ်။ ဒီ လိမ်ညာမှုကြီးကို ဦးဆောင် ဖော်ထုတ်ခဲ့သူကတော့ FBI ထောက်လှမ်းရေး အရာရှိ Joe Bonavolonta ဖြစ်ပါတယ်။

“ဒီကိစ္စနဲ့ မသက်ဆိုင်တဲ့ အမှုတခုကို လိုက်ရင်းကနေ ငွေကြေး အမြောက်အများ ပတ်သက်နေတဲ့ လိမ်ညာမှုကြီး ဖြစ်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလ ကစပြီး ကျွန်တော်တို့ စတင် စုံစမ်း ထောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။”

အမေရိကန် ပြည်ထောင်စုမှာတော့ တက္ကသိုလ် ဝင်ခွင့်ပဲဖြစ်ဖြစ်၊ တရားရေးမှာပဲဖြစ်ဖြစ် လူချမ်းသာတွေ အတွက် သီးခြား အခွင့်ထူး မရှိဘူးလို့ ဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ကန်တက္ကသိုလ် ဝင်ခွင့်ရအောင် လိမ်ညာမှု လူ ၅၀ ကို တရားစွဲ