အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ဒုက္ခသည်တွေကို မနှစ်ကစီစဉ်ထားတာ ထက် ပိုလျှော့ပြီးလက်ခံသွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုချက်ကမ်းလှမ်းထားပါတယ်။
လာမယ့် နှစ်အတွင်း အာရှ၊ ဥရောပ၊ လက်တင်အမေရိကနဲ့ ကာရေဗီယန်ကျွန်းနိုင်ငံတွေကရောက်လာမယ့်ဒုက္ခသည်တွေကို ပို တိုးမြှင့်ပြီးလက်ခံမှာမို့ အခုလိုအဆိုပြုရတာလို့ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုတဲ့ဒုက္ခသည် ခွဲတမ်းထဲမှာ အာဖရိကက တသောင်းတထောင်၊ တောင်အာရှတဝိုက် နိုင်ငံတွေ ကိုးထောင်၊ အရှေ့အာရှက လေးထောင်၊ ဥရောပက သုံးထောင်၊ လက်တင်အမေရိက နဲ့ ကာရေဗီယန်နိုင်ငံတွေက သုံးထောင်လက်ခံဖို့အဆိုပြုထားတာပါ။ ဒီအရေ အတွက်က နောက်ဆုံးအဆင့်ဆုံးဖြတ်ချက်တော့ မဟုတ်သေးပါဘူး။
ဒီအဆို ပြုချက်ကို အခုစက်တင်ဘာလ၃၀ရက်နေ့ မတိုင်ခင် လွှတ်တော်မှာဆွေးနွေးပြီးဆုံးဖြတ်သွားမှာပါ။ လာမယ့်နှစ် ၂၀၁၉ခုနှစ်အတွက် အမေရိကန်ကလက်ခံမယ့် ဒုက္ခ သည် သုံးသောင်းဆိုတဲ့ အရေအတွက်ဟာ အမေရိကန်ပြည်ထောင်စု ဒုက္ခသည်အစီအစဉ်သမိုင်းမှာ အနည်းဆုံးအရေ အတွက်ဖြစ်ပါလိမ့်မယ်။ အရင်သမ္မဟောင်း Barack Obama လက်ထက်မှာတုန်းက လက်ခံခဲ့တဲ့ဒုက္ခသည်က ရှစ်သောင်းငါးထောင်ပါ။
အမေရိကန်မှာ ဒီနေ့အထိ မြန်မာနိုင်ငံကဒုက္ခသည်က တသိန်း၇သောင်းကျော်ရှိပြီး အများစုက ကရင်နဲ့ ချင်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကရင်က ၇သောင်းနဲ့ ချင်းက ၆သောင်း လောက် ရှိပါတယ်။ အခုအချိန်အထိ အမေရိကန်ကို မြန်မာနိုင်ငံကရောက်လာတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ စုစုပေါင်းက ၂သိန်းသုံးသောင်း ရှိပါတယ်။
Your browser doesn’t support HTML5