ယူကရိန်းကို အကာအကွယ်ပေးနိုင်မယ့် အစီအစဉ် ရှိဟု ကန်သမ္မတ ပြောဆို

အမေရိကန်သမ္မတ Joe Biden. (ဒီဇင်ဘာ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန်းနဲ့နယ်စပ်မှာ ရုရှားအနေနဲ့ အခြေအနေ ပိုတင်းမာလာအောင်လုပ်ဖို့ လုံးဝခက်ခဲသွားစေမယ့် အစီအစဉ်တွေ ဖော်ထုတ်နေတယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့တွေ၊ စစ်လက်နက်ပစ္စည်းတွေ ပို့ပြီး အင်အားဖြည့်တင်းနေတာပါ။

ယူကရိန်းအရှေ့ပိုင်းနယ်စပ်က လက်ရှိအခြေအနေကြောင့် ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ဖို့ စီစဉ်နေပြီလားဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်ထားပါတယ်။ ဒီသီတင်းပတ် ကျင်းပခဲ့တဲ့ မြောက်အတ္တလန်တိတ်စာချုပ် (NATO) မဟာမိတ်အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အတွင်းမှာလည်း ရုရှားရဲ့ ရန်လိုမှုကိစ္စက အဓိကအကြောင်းရပ် ဖြစ်ခဲ့ပါတယ်။ အခြေအနေ ပိုတင်းမာလာစေမယ့် ဘယ်လိုလုပ်ရပ်မျိုးမဆို တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က သတိပေးခဲ့ပါတယ်။

ရုရှားကလည်း အမေရိကန်နဲ့ ယူကရိန်းက တိုက်ခိုက်လာနိုင်ခြေရှိတဲ့ သဘောမျိုး တုံ့ပြန် ပြောဆိုထားပါတယ်။

ရုရှားဟာ အစောဆုံး နောက်နှစ်လောက်မှာ ယူကရိန်းကို ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်ဖို့ စီစဉ်နေပြီး တပ်အင်အား ၁၇၅,၀၀၀ အထိ ပါနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေနဲ့ ရရှိခဲ့တဲ့ ထောက်လှမ်းရေးမှတ်တမ်းတခုကို ကိုးကားပြီး The Washington Post သတင်းစာက သောကြာနေ့မှာ ရေးခဲ့ပါတယ်။

သူတို့ရခဲ့တဲ့ လျှို့ဝှက်အဆင့်အတန်း သတ်မှတ်မှုမရှိတဲ့ အမေရိကန် ထောက်လှမ်းရေးမှတ်တမ်းမှာ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ ပါပြီး ယူကရိန်းနဲ့ နယ်စပ်အနီး နေရာလေးနေရာမှာ ရုရှားတပ်ဖွဲ့ဝင် ၇၀,၀၀၀ လောက် ချထားတာကို တွေ့ရတယ်လို့ The Post သတင်းစာက ရေးထားပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းကို အကာအကွယ်ပေးနိုင်မယ့် အစီအစဉ် ရှိဟု ကန်သမ္မတ ပြောဆို

---------------------

(Unicode)





