ရွှေ့ပြောင်းအခြေချသူ လူအုပ်ကြီးက မက္ကဆီကို နိုင်ငံကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုဘက်ကို ဦးတည်လာနေချိန်မှာဘဲ အမေရိကန် တောင်ပိုင်း နယ်စပ်ကို တပ်ဖွဲ့ဝင် ရာနဲ့ချီ ချထားရေး အပေါ် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် တာဝန်ရှိသူတွေ အသေးစိတ် ဆောင်ရွက်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောပါတယ်။
Prague ကို သွားတဲ့ ခရီးစဉ် အတွင်း ကာကွယ်ရေး ဝန်ကြီး Mattis က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ထောက်ပံ့ရေး အနေနဲ့ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ကို ရာနဲ့ချီတဲ့ တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အမိမြေလုံခြုံရေး ဝန်ကြီးဌာနရဲ့ ပန်ကြားချက်ကို ပင်တဂွန် စစ်ဌာနချုပ်က ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်တဲ့ ကြေညာချက်မှာတော့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကို ပံ့ပိုးပေးမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အစီအစဉ်တွေ ရေးဆွဲတာမှာ ထောက်ပံ့မှု၊ ဆေးအဖွဲ့တွေ၊ ယာယီ ခိုလှုံရေး စခန်းတွေ ဆောက်လုပ်မှုတွေနဲ့ အတူ တခြားထောက်ပံ့ကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါပါတယ်။
နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေကို ထောက်ပံ့ကူညီရေး အတွက် အမျိုးသား အစောင့်တပ်က တပ်ဖွဲ့ဝင် ၂ ထောင်ကျော် ချထားပေးပြီး ဖြစ်ပါတယ်။ အမေရိကန် - မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး ဝင်ရောက်လာမယ့် ရွှေ့ပြောင်းဝင်ရောက်သူတွေ၊ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားဖို့ ကြိုးစားသူတွေကို တားဆီးနိုင်ဖို့ အတွက် အမေရိကန် သမ္မတ Trump အစိုးရဘက်က သမ္မတ ညွှန်ကြားချက်သစ်တရပ် ထုတ်ပြန်ဖို့ သုံးသပ်နေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။
Your browser doesn’t support HTML5