အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်နားထားရတာကို အဆုံးသတ်ဖို့အတွက် သမ္မတအိမ်ဖြူတော်က အရာရှိတွေနဲ့ လွှတ်တော်ဖက် တာဝန်ရှိသူတွေ ဒီကနေ့ တနင်္ဂနွေနေ့ ထပ်ပြီးတွေ့ဆုံကြဖို့ရှိပါတယ်။ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်နားထားရတဲ့အတွက် ထောင်နဲ့ချီတဲ့ ဖယ်ဒရယ်ဝန်ထမ်းတွေကို ထိခိုက်မှုရှိနေသလို၊ အမေရိကန်ပြည်သူတွေအတွက် အစိုးရလုပ်ငန်းတွေနဲ့ပတ်သက်လို့ အတော်လေး အဆင်မပြေ နှောင်းနှေးမှုတွေ ကြုံနေရပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ထားတာ အခုဆိုရင် သီတင်း သုံးပတ်ထဲ ဝင်လာပါပြီ။
ဒီကနေ့ နှစ်ဖက်ဆွေးနွေးမယ့်အကြောင်းအရာထဲ အဓိကအချက်ကတော့ နယ်စပ်လုံခြုံရေးကိစ္စပါ။ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ဟန့်တားဖို့ဆိုပြီး အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်လုပ်ရေးအတွက် သမ္မတ Donald Trump က အသုံးစရိတ် ဒေါ်လာ ၅.၆ ဘီလီယံ လွှတ်တော်ထံက တောင်းခံထားတာပါ။
လွှွတ်တော်ဖက်က ဒီမိုကရက်အမတ်တွေကတော့ ဒီ တံတိုင်းဆောက်လုပ်မယ့် အသုံးစရိတ်ကို ချ မပေးနိုင်ဘူးလို့ ပြောနေပါတယ်။ အောက်လွှတ်တော် ဥက္ကဌ ဒီမိုကရက်ခေါင်းဆောင် Nancy Pelosi ကလည်း ဒီတံတိုင်းဆောက်လုပ်မယ့်အစီအစဉ်ဟာ ကျင့်ဝတ်အရမညီညွတ်ဘူးလို့လည်း ဝေဖန်ထားပါတယ်။ သမ္မတ Trump ကတော့ အခု တနင်္ဂနွေနေ့မှာ သူ့ရဲ့အကြီးတန်းအရာရှိတွေနဲ့ နယ်စပ်လုံခြုံရေးအပါအဝင် အခြားကိစ္စရပ်တွေကို Camp David သမ္မတ အပန်းဖြေစခန်းမှာ ဆွေးနွေးမယ်လို့ မနေ့က သူ့တွစ်တာအကောင့်ကနေ ရေးခဲ့ပါတယ်။
စနေနေ့တုန်းက လွှွတ်တော်ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်အရာရှိတွေ အစိုးရလုပ်ငန်းများ ပြန်လည်ပတ်နိုင်ရေးကြိုးပမ်းခဲ့ကြပေမယ့် အောင်မြင်တိုးတက်မှုမရှိခဲ့ပါဘူး။ အဲဒီဆွေးနွေးပွဲမှာ ဒုသမ္မတ Mike Pence ကိုယ်တိုင် ပါဝင်ခဲ့ပြီး၊ သူကတော့ ဆွေးနွေးပွဲဟာ ရလဒ်တွေရှိခဲ့တယ်လို့ သူ့ တွစ်တာအကောင့်မှာ ရေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သမ္မတ Trump က သူ့တွစ်တာအကောင့်ကနေ ဒီကနေ့ဘာမှ ရလဒ်မရှိခဲ့ဘူး၊ မနက်ဖြန်မှ ဆက်မယ် ဆိုပြီး ပြန်ရေးခဲ့ပါတယ်။
လတ်တလောမှာ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားရတဲ့အတွက် အစိုးရဝန်ထမ်း ၈ သိန်းလောက် အလုပ်ဆင်းခွင့်မရတာ၊ ဒါမှမဟုတ် အလုပ်ဆင်းပေမဲ့ လစာမရကြပဲ ဖြစ်နေရသလို၊ အစိုးရဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အမျိုးသား အပန်းဖြေဥယျာဉ်လို နေရာတွေလည်း ပိတ်ထားရပါတယ်။
Your browser doesn’t support HTML5