ဆော်ဒီနဲ့ UAE ကန်စစ်ရေးဖြည့်တင်း

အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အချို့။ (သြဂုတ် ၇၊ ၂၀၁၈)

ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကို အမေရိကန်က စစ်အင်အားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထပ်ပြီး ပေးပို့စေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့ညမှာ ပြောပါတယ်။

အီရန်ရဲ့လက်ချက်ဖြစ်တယ်ဆိုပြီး အမေရိကန်က ပြောနေတဲ့ ဆော်ဒီရေနံလုပ်ငန်းတွေ ပြီးခဲ့တဲ့တပတ်က တိုက်ခိုက်ခံရပြီးတဲ့နောက် ပင်တဂွန်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ အီရန်ကတော့ အဲဒီစွပ်စွဲပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။

သမ္မတ Donald Trump က အတည်ပြုပေးလိုက်တဲ့ မကြာခင်စေလွှတ်သွားမယ့် အမေရိကန် တပ်အင်အားတွေအနေနဲ့ ကာကွယ်ရေးကိစ္စရပ်တွေကို လုပ်ကိုင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Mark Esper က ပင်တဂွန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဆော်ဒီနဲ့ UAE တို့က သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်နိုင်ရေး တောင်းဆိုချက်ကြောင့် အမေရိကန်တပ်ဖွဲ့တွေကို စေလွှတ်တာဖြစ်တယ်လို့ ဝန်ကြီး Esper က ပြောပါတယ်။ ဒီကိစ္စ အသေးစိတ်ကို ခုရုံးပိတ်ရက်မှာ ဆွေးနွေးကြမှာဖြစ်ပြီး နောက်တပတ်ထဲ စေလွှတ်သွားမယ်လို့ ပူးတွဲစစ်ဦးစီးများအဖွဲ့ ဥက္ကဋ္ဌ Joseph Dunford က သောကြာနေ့မှာ ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကတော့ သူ့မြေကို ထိပါးလာရင် အစွမ်းကုန် တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာပါ။ ကုလသမဂ္ဂကလည်း တိုက်ခိုက်ခံခဲ့ရတဲ့ ဆော်ဒီအာရေဗျ ရေနံလုပ်ငန်း နေရာတွေကို စစ်ဆေးဖို့ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်လေးဦးကို စေလွှတ်သွားမယ်လို့ မနေ့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

------------------

(Unicode)







Your browser doesn’t support HTML5

ဆော်ဒီနဲ့ UAE ကန်စစ်ရေးဖြည့်တင်း