ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့ မှာ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားတဲ့ လူပေါင်း ၁,၀၀၀ ကျော်ထဲက တရုတ်နိုင်ငံ သား ၇၆၀ ကျော်ကို တရုတ်နိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ UWSA တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဖမ်းမိတဲ့သက်သေခံပစ္စည်းတွေကိုပါ တရုတ်နိုင်ငံသားတွေနဲ့အတူ ပြန်လည်လွှဲအပ်ခဲ့ပြီး ကျန်မြန်မာနိုင်ငံသား ၃၀၀ လောက်ကိုတော့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးဖို့ ရှိကြောင်း UWSAက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်း ပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့ မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေကြေးလိမ်လည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ တန့်ယန်းမြို့မှာ ကျားဖြန်ခေါ် အွန်လိုင်း ငွေကြေးလိမ်လည်သူတွေ ဖမ်းဆီးခဲ့တဲ့ အခြေအနေကို လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို အခုလို ပြောပါတယ်။
“ ကျနော်တို့ ဒီ ဝအဖွဲ့လှုပ်ရှားတဲ့ တန့်ယန်းဂွင်မှာပေါ့။ အယောက် ၁,၀၀၀ ကျော် ဖမ်းမိတယ်။ ၇၆၂ ယောက်ကတော့ တရုတ်ပြည်က တရုတ်လူမျိုးတွေပေါ့နော်။ မနေ့က တရုတ်နယ်ကြားဂိတ်မှာ ကျနော်တို့ လွှဲပြောင်းပေးခဲ့တယ်ပေါ့နော်။ ကျန်တဲ့ ၃၀၀ လောက်က ကျနော်တို့ မြန်မာနိုင်ငံသားတွေပေါ့။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို ကျနော်တို့ ဒီ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးမှ ကျနော်တို့ ပြန်လွှတ်ပေးဖို့ ရှိပါတယ်။”
ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်သူတွေဆီက ဒီဖမ်းဆီးရမိတဲ့အထဲမှာ Starlink အင်တာနက်ဂြိုဟ်တု ဆက်သွယ်ရေးစက် ၇၆ လုံး၊ ဖုန်း ၁,၅၄၉ လုံးနဲ့ ကွန်ပြူတာ ၈၂ လုံးတို့ ပါဝင်ခဲ့ပြီး ဒီသက်သေခံပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံသားတွေနဲ့အတူ တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲအပ်ခဲ့တာဖြစ်ပါတယ်။
UWSA တပ်ဖွဲ့တွေဟာ ညီနောင်မဟာမိတ် အဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးကာလမှာ သူတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ တန့်ယန်းမြို့ကို စစ်မီး မကူးစက်စေဖို့အတွက် ဒီနှစ် ဇူလိုင်လက ဝင်ရောက် ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
UWSA ဝတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ကျားဖြန်လုပ်ငန်းနဲ့ ဆက်စပ်နေသူ တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တာ ရှိခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံဘက်က ဝဒေသက ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ပေါက်အိုက်ပန်နဲ့ ရှောက်ရန်ပန် ဆိုသူ ၂ ဦးကို ဖမ်းဆီးဖို့ သတင်းပေးရင် ဆုကြေးငွေ ယွမ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ ပေးမယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထုတ်ပြန်ထားပါတယ်။ သူတို့ ၂ ဦးဟာ ဝတပ်ဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုချိန်ထိတော့ ဖမ်းဆီးလွှဲပြောင်းတာမျိုးကိုလည်း မကြားသိရသေးပါဘူး။
Your browser doesn’t support HTML5