စစ်ကောင်စီတပ်သား အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံတဲ့ရုပ်သံ  AA ဆက်တိုက်ထုတ်ပြန်

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ပကတိမြေပြင်အခြေအနေလို့ အမည်ပေးထားတဲ့ ရုပ်သံ AA ထုတ်ပြန်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအများအပြားကို အာရက္ခတပ်တော် AA အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အများအပြား အလံဖြူထောင် လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ထပ်ထုတ်ပြန်လိုက်ပါတယ်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ပကတိမြေပြင်အခြေအနေလို့ အမည်ပေးထားတဲ့ရုပ်သံကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ရက်နေ့မှာလည်း နောက်ထပ် စစ်ကောင်စီတပ်သားရာနဲ့ချီ အလံဖြူထောင် လက်နက်ချ တဲ့ ရုပ်သံဖိုင်တခုကို AAဘက်က ထပ်မံထုတ်ပြန်လိုက်တာပါ။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ပကတိမြေပြင်အခြေအနေဆိုပြီး ရုပ်သံဖိုင်ကို ခေါင်းစဉ်ပေးထားပေမယ့်၊ ဘယ်နေ့နဲ့ ဘယ်နေရာမှာ ရိုက်ကူးခဲ့သလဲဆိုတာကို မဖော်ပြထားသလို ဗွီအိုအေကလည်း သီးခြားအတည်ပြုလို့မရပါဘူး။ အမ်းမြို့အပါအဝင် နယ်မြေအတော်များများကို သိမ်းယူထားပြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တခုပဲ ကျန်တော့ပြီး တိုင်းဌာနချုပ်မှာ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

ဒီဇင်ဘာလ ၁၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာတော့ လက်နက်ချအညံ့ခံလာသူတွေကို အရပ်ဝတ်တွေနဲ့ တွေ့ရပြီး အမျိုးသမီးတွေနဲ့ ကလေးတချို့ပါဝင်တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အနောက်ပိုင်း စစ်ဌာနချုပ်ထဲက အဆောက်အဦးတွေလို့ ယူဆရတဲ့ အဆောက်အဦးတွေလည်း မီးလောင်ပျက်စီးနေတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့ စစ်တိုင်းဌာနကြီးတခုဖြစ်တဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကိုတော့ အခုနှစ်လယ်ပိုင်းမှာ MNDAA ကိုးကန့်တပ်တွေက သိမ်းယူခဲ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီအဖို့ ပထမဆုံး ကျရှုံးတဲ့ စစ်တိုင်းကြီးတခုဖြစ်ပါတယ်။ အခု စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး၊ ဒီ စစ်ဌာနချုပ်သာ ကျရင်တော့ စစ်ကောင်စီအဖို့ ဒုတိယမြောက် စစ်တိုင်းကြီးတခု ကျရှုံးမှုဖြစ်မှာပါ။

ရခိုင်မြောက်ပိုင်း မောင်တောမြို့ တိုက်ပွဲမှာလည်း စစ်ကောင်စီ တပ်သားအများအပြား ထိခိုက်ဒဏ်ရာ ရတာနဲ့ အလံဖြူထောင် လက်နက်ချအညံခံတဲ့ ရုပ်သံတွေကို AA ဘက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှုး ဗိုလ်မှုးချုပ်သူရိန်ထွန်းနဲ့ အရာရှိ စစ်သည် အများအပြား ဖမ်းဆီးခံရတဲ့ပုံတွေကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့မောင်တောမြို့နယ်တွေကို ဒီလအတွင်းမှာပဲ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါ။ တဆက်တည်းမှာပဲ အမ်းနဲ့ ဂွမြို့ကိုလည်းကိုလည်း အရှိန်မြင့်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ AA အရက္ခတပ်တော်အနေနဲ့ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တွင်း ၁၂ မြို့နယ်ကို သိမ်းယူထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ ရာထူးအဆင့်မြင့် စစ်ကောင်စီအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သားအစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရခိုင်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီတပ်သား အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံတဲ့ရုပ်သံ AA ဆက်တိုက်ထုတ်ပြန်