Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ (၂၁) ရာစုပင်လုံ ညီလာခံ နဲ့ပတ်သက်ပြီး ကျင်းပမဲ့အချိန်ရက်ပိုင်းပဲ အလို အခုအချိန်ထိ မရေရာ မသေချာမှုတွေအများ အပြားကြားနေရပါတယ်။ ဆိုတော့ ကာ လူတိုင်းမျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ရလဒ်တွေကော ပေါ်ထွက်လာနိုင်ပါ့မလား ၊ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ ဆိုတာ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ အမျျိုးသားလွှတ်တော် ဒု-ဥက္ကဌ ဦးအေးသာအောင်နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါသည်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ (၂၁) ရာစု ပင်လုံညီလာခံက တိုင်းရင်းသားတွေ ဘာမျှော်လင့်နိုင်သလဲဆိုတာ ဖြစ်ပါတယ်။ ဆိုတော့ ယေဘုယျအားဖြင့် တိုင်းရင်းသားတွေ လိုချင်နေတဲ့အချက်ကို အရင်ဆုံး ပြောကြပါစို့။ အကျဉ်းရုံးပြီးတော့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ လိုချင်နေတာ ဘာလဲ။
ဦးအေးသာအောင် ။ ။ အဓိကက ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့၊ အဲဒီလို ပြည်နယ်များနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ ရည်မှန်းချက်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မကြာခင် ကျင်းပတော့မယ့် (၂၁) ရာစု ပင်လုံ ညီလာခံဟာ တိုင်းရင်းသားတွေ တောင်းဆိုချက်တွေကို ညှိနှိုင်းဆွေးနွေးမယ့် သဘော ဖြစ်ပါတယ်။ ဘယ်လောက် မျှော်လင့်နိုင်မယ် ထင်ပါလဲ။ တိုင်းရင်းသားတွေဟာ သူတို့ မျှော်မှန်းချက် ရနိုင်လိမ့်မယ်လို့ ယူဆပါလား။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ကုန်ခါနီးမှာ ငြိမ်းချမ်းရေးညီလာခံတခု လုပ်ခဲ့တယ်။ ဘာအဖြေမှ မထွက်ခဲ့ပါဘူး။ အခုလဲ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်အခါ ဖြစ်တယ်။ ညီလာခံမှာတော့ သတင်းမီဒီယာတွေကတဆင့် ကြားနေတာက အားလုံးပါဝင်နိုင်တဲ့ အနေအထားမျိုး ကြားနေရတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ကျင်းပတဲ့ ညီလာခံမှာက AA, တအောင်းပလောင်၊ ကိုးကန့် (၃) ဖွဲ့ကို လက်မခံတဲ့အတွက်ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းထဲမှာ နှစ်ဖွဲ့ကွဲသွားတယ်။ အပြစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့။ လက်မှတ်ထိုးတဲ့အဖွဲ့က ငြိမ်းချမ်းရေးညီလာခံကို တက်တယ်။ လက်မှတ်မထိုးတဲ့အဖွဲ့က ငြိမ်းချမ်းရေးညီလာခံကို မတက်ဘူး။
ဦးအေးသာအောင် ။ ။ အဲဒီတော့ အဓိကအားဖြင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ရှိခဲ့တဲ့ အားနည်းချက်။ ငြိမ်းချမ်းရေး မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အားလုံးမပါဝင်လိုပေါ့။ အဓိက AA, ကိုးကန့်၊ တအောင်းတို့ မပါဝင်ခဲ့လို့ ဖြစ်တယ်ဆိုတဲ့ သင်ခန်းစာပေါ့။ အဲဒီ သင်ခန်းစာကို အခုကျင်းပမယ့် ညီလာခံမှာ ပြန်ပြင်နိုင်ပြီလား။ အဲဒီ (၃) ဖွဲ့ပါ ပါဝင်ပြီးတော့ တက်နိုင်ပြီလို့ မျှော်လင့်ရပြီလား။
ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ညီလာခံတုန်းက တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ခွင့်မရခဲ့တာက အချက် (၁) ချက်ပေါ့။ ဒါပေမဲ့ ပါဝင်သည့်တိုင်အောင် တကယ်ပဲ တိုင်းရင်းသားများ လိုလားသည့် နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့ မျှော်မှန်းချက်ကတော့ တိုင်းရင်းသားအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တက်ခွင့်ရရုံနဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ့်လို့ ပြောဖို့မဖြစ်နိုင်ပါဘူး။
ဦးအေးသာအောင် ။ ။ အဲဒီတော့ တိုင်းရင်းသားတွေ တက်ရောက်ရုံနဲ့ မပြီးသေးဘူးဆိုတဲ့အခါမှာ ကျနော် သိချင်တာတခုက ဗဟိုအစိုးရက လိုက်လျောဖို့ အလားအလာ ဘယ်လောက်ရှိတယ်လို့ ဦးအေးသာအောင် သုံးသပ်မိပါလဲ။
ဦးကျော်ဇံသာ ။ ။ လောလောဆယ်တော့ တိုင်းရင်းသားများ မျှော်လင့်ထားတဲ့ ပြည်နယ်ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့၊ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအပေါ်မှာ တည်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့က အခက်အခဲတွေ၊ အဟန့်အတားတွေ ရှိတုန်းပဲ။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘဲနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာလဲ မဖြစ်နိုင်သလို။ ဒီ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ အလားအလာ မရှိဘဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုတာလဲ ဖြစ်နိုင်မယ်လို့ ကျနော်က မထင်ဘူး။ ဒါပေမဲ့ လာမယ့် ညီလာခံမှာတော့ အားလုံးတက်ရောက်ပြီး ဒီဆွေးနွေးပွဲကနေပြီးတော့ ဘုံသဘောတူညီချက် တစုံတရာ ရနိုင်မလား။ ရလာတဲ့ ဘုံသဘောတူညီချက်ကို အမျိုးသားရည်မှန်းချက်အဖြစ်နဲ့ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်နဲ့ ချမှတ်ပြီးတော့ နောင် ဆက်လက်အကောင်အထည်ဖော်ဖို့ လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းအတာတခုအထိ အောင်မြင်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံကို ပြင်နိုင်မှ တိုင်းရင်းသားတွေ လိုချင်တာ ရမယ်ဆိုတော့ ဖွဲ့စည်းပုံပြင်ဖို့ အဓိက အခက်အခဲက စစ်တပ်၊ တပ်မတော်ပေါ့။ သူတို့ရဲ့ သဘောတူညီမှု မရလို့ဘဲ တည့်တည့်ပြောရရင်တော့။
ဦးအေးသာအောင် ။ ။ ဟုတ်ကဲ့ … မှန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့ရဲ့ စိတ်နေသဘောထားက တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားက မပြောင်းလဲနိုင်သေးဘူးပေါ့။ အစိုးရ ပြောင်းလာခဲ့သော်လဲ။
ဦးအေးသာအောင် ။ ။ ကျနော့်အမြင်ကတော့ အဓိက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်လို့ အခု ကျနော်တို့ သက်တမ်းမှာသည်ပင် ပြင်နိုင်တဲ့ အနေအထားက အလွန့်အလွန် နည်းတယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ၊ ပင်လုံမှာတုန်းကတော့ တိုင်းရင်းသား၊ တောင်တန်းဒေသတွေ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တဖွဲ့စီပဲရှိတယ်။ နောက်တခါ မွန်၊ ရခိုင်စတဲ့ဟာတွေကြတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘုရင်ခံအုပ်ချုပ်ရေး အစိုးရထဲက ကိုယ်စားပြုသူတွေပဲရှိတော့ အခုတက်လာမယ့် ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတာ ဘယ်သူလဲ။ လက်နက်ကိုင်တွေလား။ တိုင်းရင်းသားတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလား။ ဘယ်သူတွေက အဓိက ကိုယ်စားပြုတယ်လို့ ဆိုနိုင်လဲ။
ဦးအေးသာအောင် ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတော့ ပိုပြီးတော့ အရေးပါတယ်။ အဓိကကျတယ်။ ဒါပေမဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီကလည်း ဘယ်လိုပဲဖြစ်ဖြစ် အားလုံးပါဝင်ပြီးတော့ ဘုံရည်မှန်းချက်တခုအပေါ်မှာ ရပ်တည်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော့်အနေနဲ့ သဘောရတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဲဒီလို ဘုံသဘောတူညီချက်ရဖို့အတွက် တိုင်းရင်းသားတမျိုးတည်းမှာ ပါတီကိုယ်စားလှယ်ရှိမယ်။ လွှတ်တော်အမတ် ရှိမယ်။ လက်နက်ကိုင် အင်အားစုရှိမယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေက ကွဲကွဲပြားပြား ဖြစ်နေတော့ တိုင်းရင်းသားတွေဘက်က ညီညွှတ်မှု ဘယ်လောက်ရှိလဲ။ တသွေးတသံ ဖြစ်ပါ့မလား။
ဦးအေးသာအောင် ။ ။ ညီညွှတ်မှုကတော့ ကျနော်တို့ မျှော်မှန်းထားခဲ့သလောက် မရရှိခဲ့ဘူးပေါ့။ ပထမတုန်းကတော့ လောကြီးလတ်ကြီး ဆုံးဖြတ်ချက်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တသွေးတသံနဲ့ ရပ်နိုင်ခဲ့မယ်လို့ မျှော်မှန်းခဲ့တယ်။ ဒါပေမဲ့ အခုက အပစ်အခတ်ရပ်စဲထားတဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ နဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့၊ တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း အမြင်တွေ၊ အယူအဆတွေ အတိုင်းအတာတခုအထိ ကွဲလွဲမှုတွေရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကွဲလွဲကွဲလွဲ ရည်မှန်းချက်ကတော့ တူညီကြတဲ့အတွက်ကြောင့် အဖြေရှာတဲ့အခါမှာ စုပေါင်းရပ်တည်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော်တို့ စောစောက ပြောခဲ့သလိုပဲ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတဲ့ နေရာမှာ တပ်မတော် စစ်တပ်ရဲ့ သဘောတူညီမှုက အဓိကကျတယ်။ သူတို့ သဘောမတူညီနိုင်တာကတော့ ဘာကြောင့်လို့ သုံးသပ်ပါလဲ။ ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်ကို ကြောက်နေကြလို့ပါ ဘာညာဆိုတာ သူတို့ တကယ်ပဲ စွဲစွဲမြဲမြဲ ယုံကြည်နေလို့လား။ တည့်တည့်မေးရရင် အာဏာ သူတို့ဘက်က လျော့သွားမယ်။ သူတို့အာဏာတွေ ပဲ့ပါသွားမယ်ဆိုတာ တွေးမိလို့လားလို့ ဦးအေးသာအောင် နည်းနည်းသုံးသပ်ပါအုံး။
ဦးအေးသာအောင် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့အခါမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးအကြိုကာလထဲက တိုင်းရင်းသားတွေ၊ ပါတီအစိုးရတွေ၊ အယူအဆတွေ အမျိုးမျိုးကွဲပြီးတော့ နိုင်ငံရေးပဋိပက္ခကနေ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်။ တဘက်မှာလဲ တိုင်းရင်းသားတွေက ပြည်နယ်ရဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ကြိုးပမ်းရင်နဲ့ မဖြစ်နိုင်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာတယ်။ အလားတူပဲ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းလိုက်တော့ တပ်မတော်အင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေ ပြည်သူတွေထဲမှာ အမြင်သဘောထားတွေ ကွဲလွဲမှုတွေရှိတယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ သဘောထားက မြန်မာနိုင်ငံကို ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်မှဖြစ်မယ်။ နိုင်ငံရေးအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ထူထောင်မှဖြစ်မယ်၊ တပ်မတော်အင်အားစုကလည်း မြန်မာနိုင်ငံကို တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ပြီးတော့ နိုင်ငံရေးအရ ဆက်ပြီးသွားနေမှရမယ် အမြင်တွေက အဲဒီလိုရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တပ်မတော်က အခုအထိ အဲဒီအမြင်ကို ကိုင်ဆွဲထားတုန်းပဲလား။ ကျနော် သိချင်တာက။
ဦးအေးသာအောင် ။ ။ အခုလဲပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက တပ်မတော်သည် အမျိုးသားလုံခြုံရေးမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်လို့ ဒီလိုပဲ လမ်းညွှန်းပြဌာန်းထားတယ်။ ဒါကြောင့်မို့ လောလောဆယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲ ရှိနေတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အနာဂတ်အရေး၊ ပြည်ထောင်စုအရေး ဖော်ဆောင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ တပ်မတော်ရဲ့ သဘောထားကို သိရပါပြီ။ တိုင်းရင်းသားတွေဘက်က သဘောထား၊ သူတို့ ညီညွတ်မှု လိုတယ်ဆိုတာလည်း သိရပါပြီ။ ဦးအေးသာအောင်ဟာ CRPP မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲပြီးတော့ အကြာကြီး လုပ်လာခဲ့တယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းကိုတော့ ပိုပြီးတော့ သိမယ်လို့ ထင်ပါတယ်။ NLD အနေနဲ့ NLD ရဲ့ တိုင်းရင်းသားတွေအပေါ် သဘောထားက တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ထပ်တူကျတယ်လို့ သုံးသပ်ပါလား။
ဦးအေးသာအောင် ။ ။ ထပ်တူကျတယ်လို့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ NLD အနေနဲ့ ဒီမိုကရေစီ၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လက္ခဏာလို့ ပြောချင်တယ်။ အရင် CRPP တုန်းက လက်တွဲလုပ်ကိုင်ခဲ့တဲ့ ခေါင်းဆောင်တချို့မှာတော့ ဖယ်ဒရယ်ပြည်ထောင်ကို တည်ထောင်ဖို့ဆိုတဲ့ သဘောထားများ သိပ်မရှိဘူး။ တချို့မှာတော့ ရှိတာကို တွေ့ရတယ်။
ဦးကျော်ဇံသာ ။ ။ အခုကော…
ဦးအေးသာအောင် ။ ။ ဒီဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပေါ်မှာ အားလုံးရဲ့ အမြင်တွေ၊ သဘောထားတွေ ဒီအတိုင်းပဲ ရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီလို သဘောထားရှိနေရုံနဲ့ တကယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အခက်အခဲတွေ အတားအဆီးတွေက ရှိနေတုန်းပဲလို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ဦးအေးသာအောင်ကိုယ်တိုင် (၂၁) ရာစု ပင်လုံညီလာခံကို တက်ရောက်မလား။
ဦးအေးသာအောင် ။ ။ ဒါကတော့ အခုအချိန်အထိ ကျနော် မပြောတတ်သေးဘူး။ ညီလာခံကျင်းပဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်။ ပြီးတော့ လွှတ်တော်က ဘယ်လို ပုံစံနဲ့ တက်ရမလဲ။ ဘယ်နှစ်ဦး တက်ရမလဲဆိုတာ ကျနော်လည်း မသိသေးဘူး။
ဦးကျော်ဇံသာ ။ ။ သောတရှင်များခင်များ .. တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုတာ လူတိုင်းမျှော်လင့်တောင့်တအပ်တဲ့ ဆုလာဘ်ကြီးတခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် အောင်မြင်တဲ့ရလဒ် ပေါ်ထွက်လာဖို့ကတော့ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းကြတဲ့နေရာမှာ တိုင်းပြည်ကိုချစ်တယ်။ စေတနာရှိတယ်ဆိုတာကို အပေးအယူလုပ်၊ ညှိနှိုင်းနိုင်မှုနဲ့ ပြသကြဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း ပြောကြားလိုပါတယ်။