Your browser doesn’t support HTML5
လွန်ခဲ့တဲ့ (၂၀၁၉) ဇန်နဝါရီလ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမှာ ကျောက်မျက်လုပ်ငန်းသုံးမျိုးကို အသိအမှတ် ပြုထားပါတယ်။ (၅) ဧကထက် မပိုတဲ့ လုပ်ကွက်မှာ (၃) နှစ် တူးဖော်ခွင့်ရတဲ့ အလတ်စားလုပ်ငန်း၊ (၂) ဧကထက် မပိုတဲ့လုပ်ကွက်မှာ (၂) နှစ် တူးဖော်ခွင့်ရတဲ့ အသေးစားလုပ်ငန်း၊ (၁) ဧကထက် မပိုတဲ့ လုပ်ကွက်မှာ (၁) နှစ် လုပ်ခွင့်ရတဲ့ လက်လုပ်လက်စားလုပ်ငန်း စတဲ့ လုပ်ငန်း (၃) မျိုး ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၄၄) အရ အလုပ်သမားကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး၊ မတော်မဆဖြစ်ပွားမှု ကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု စစ်ဆေးရေးတွေကို လုပ်ကိုင်ဖို့ သတ္တုတွင်းဦးစီးဌာနမှာ တာဝန်ရှိပါတယ်။
ဒီဥပဒေမတိုင်မီ (၂၀၁၆) ဇူလိုင်လမှာ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်သက်တမ်း တိုးမြှင့်မှုနဲ့အသစ် ထုတ်ပေးမှုကို အစိုးရက ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ အနှစ် (၂၀) ကျော် တူးဖော်ခဲ့တဲ့ဒဏ်ကို ဖားကန့်ရတာ ကြာခဲ့ပါပြီ။ ဖားကန့်ကိုဖြတ်ပြီး စီးဆင်းတဲ့ ဥရုချောင်းနဲ့ ချောင်းလက်တက်တွေထဲ စွန့်ပစ်မြေစာ သွန်ချမှုကြောင်း ချောင်းကြမ်းပြင်ပေ (၂၀) လောက် မြင့်လာပြီး ချောင်းလက်တက် တဝက်ကျော်ဟာ တိမ်ကောသွားတာကြောင့် ရေလျှံမှု၊ ရေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရပါတယ်။
ဖားကန့်ကျောက်စိမ်းလုပ်ငန်းတွေမှာ မြေပြိုတာဟာ မကြာခဏ ကြားရတဲ့သတင်း ဖြစ်ပါတယ်။ အခုအချိန်အထိ သေဆုံးသူပေါင်း (၅၀၀) ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စွန့်ပစ်မြေစာပုံတွေဟာ အလွန်မြင့်မားတဲ့အတွက် မိုးသည်းတဲ့အခါနဲ့ ကုမ္ပဏီတွေက မိုင်းဖောက်ခွဲတဲ့အခါမှာ မြေပြိုတာကြောင့် ကုမ္ပဏီဝန်ထမ်းရော၊ ရေမဆေးသမားတွေပါ မြေမြုပ်ခံရပြီး သေဆုံးကြရပါတယ်။ အကြီးစားကျောက်စိမ်း လုပ်ငန်းမရှိအောင် ခွင့်ပြုထားတဲ့ လုပ်ကွက်တွေ ကန့်သတ်ထားပေမယ့် ကုမ္ပဏီတွေဟာ အသေးစား၊ အလတ်စား လုပ်ကွက်တွေကို ရယူနိုင်တာမို့ ကုမ္ပဏီတခုတည်း လုပ်ကွက်အများအပြား ရတာမျိုး ရှိပါတယ်။ လိုင်စင်နှစ်အတွင်း အမြတ်ထွက်ဖို့ အရေးကြီးတာကြောင့် မြေစာကို စည်းကမ်းမရှိ စွန့်ပစ်ရာက မြေစာပုံတွေ အဆမတန် ကြီးမားလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံမှာ အဖိုးတန်ကျောက်မျက် ပါဝင်နိုင်တယ်လို့ မျှော်လင့်ပြီး ကျောက်ရှာဖွေသူကို ရေမဆေးသမားလို့ ခေါ်ပါတယ်။
ကျောက်စိမ်းလုပ်ကွက်နဲ့ မလွတ်ကင်းတဲ့ ကျေးရွာတွေကို ကုမ္ပဏီက လျှော်ကြေးပေးပြီး ရွှေ့ပြောင်းခိုင်းပါတယ်။ အိမ်အခြေအနေကိုလိုက်ပြီး တအိမ်ကို (၁၅) သိန်းနဲ့ သိန်း (၃၀) အကြား လျှော်ကြေးပေးပါတယ်။ ရွာသားအများစုဟာ ရေမဆေးကျောက်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုကြသူတွေ ဖြစ်ပါတယ်။ အခြားဒေသကလာကြတဲ့ ရေမဆေးသမားတွေထဲမှာ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်စိမ်းနယ်မြေမှာ အလုပ်လုပ်သူပေါင်း သုံးသိန်းကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ရေမဆေးကျောက် ရှာဖွေသူထဲမှာ အကျိုးအမြတ် ခံစားရတာ အလွန်နည်းပါတယ်။ တပ်မတော်အရာရှိ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အများဆုံး အကျိုးခံစားရပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာ့တပ်မတော်ကို ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲချိန်ကစပြီး ပြန်လည်ပစ်ခတ်ကြတဲ့ ၂၀၁၁ အထိ၊ (၁၇) နှစ်လုံးလုံး စိတ်ကြိုက်ကျောက်စိမ်း တူးဖော်ကြတာမို့ ဖားကန့်ဒေသရဲ့ ပထဝီအနေအထားဟာ လုံးဝပြောင်းလဲသွားပါတယ်။ KIA လုပ်ပိုင်ခွင့် လျော့နည်းသွားပြီး တပ်မတော် လွှမ်းမိုးမှု ပိုများလာပါတယ်။ စစ်အစိုးရက သတ္တုတွင်းလိုင်စင် ချပေးတာမို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဟာ အများဆုံး အကျိုးခံစားရပါတယ်။ ပြည်သူလူထုကတော့ ရေမဆေးသမားအဖြစ် ဘဝရပ်တည်နေကြရပါတယ်။ ရေမဆေးသမား တွေ့ရှိတဲ့ကျောက်မျက်ကို လောပန်းဆိုသူတွေက ဝယ်ယူကြပါတယ်။ ဒါကြောင့် ရေမဆေးသမားနဲ့ လောပန်းဟာ အပြန်အလှန် မှီခိုနေတဲ့သဘော ရှိပါတယ်။ ကျောက်စိမ်းနယ်မြေမှာ အစိုးရက အလုပ်အကိုင် ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။
၂၀၁၉ ကျောက်မျက်ဥပဒေက ပြဌာန်းတဲ့ လက်လုပ်လက်စား လုပ်ကွက်ကို ဖားကန့်ရတနာနယ်မြေမှာ လွန်ခဲ့တဲ့နှစ် မတ်လက ပထမဆုံး ရောင်းချတဲ့အခါ စိတ်ဝင်စားသူ နည်းနေပါတယ်။ လုပ်ကွက်တကွက်မှာ ကျပ် (၆) သိန်းခွဲ ရင်းနှီးရမှာကို တွန့်ဆုတ်နေကြပုံ ရပါတယ်။ လုပ်ကွက်သုံးရာကျော်မှာ (၃၀) ရာခိုင်နှုန်းသာ ဝယ်ယူကြပါတယ်။ ဖားကန့်ရတနာမြေမှာ ကျောက်စိမ်းတူးဖော်ခွင့် ပေးထားတဲ့ မြေဧကသုံးသောင်းနီးပါးရှိကြောင်း သိရပါတယ်။ ၂၀၁၉ ကျောက်မျက်ဥပဒေမှာ အကြီးစားလုပ်ငန်းကို အသိအမှတ် မပြုပါဘူး။ အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စားကိုသာ အသိအမှတ်ပြုပါတယ်။
NLD အစိုးရမတိုင်မီက ဧက (၅၀-၁၀၀) ရှိတဲ့ လုပ်ငန်းကြီးတွေ ကြီးစိုးတာ ကွယ်ပျောက်သွားရင် မြေပြိုမှုနဲ့ သေကျေပျက်စီးမှု ပပျောက်သွားမယ်လို့ ယူဆကြပါတယ်။ စက်ယန္တရားကြီးတွေသုံးတဲ့ ကုမ္ပဏီတွေ စနစ်တကျ မလုပ်တဲ့အတွက် မြေပြိုရတာဖြစ်လို့ ကုမ္ပဏီကြီးတွေနဲ့ သူတို့ကို ကြီးကြပ်တဲ့ ဝန်ကြီးဌာနတွေမှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့ ကချင်တင်းဌာနက ဆိုပါတယ်။ “ကျောက်စိမ်းမြေဟာ လိုင်စင်ရ လူသတ်ကွင်း” ဆိုတဲ့ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ဇူလိုင်လကစပြီး ဒေသခံတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
==Unicode==