တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ဟာ အခုချိန်မှာ တခြားနိုင်ငံ အတော်များများ ကိုပါ ကူးစက် ပျံ့နှံ့လာနေတာကြောင့် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ အရေးပေါ် စည်းဝေးပွဲ ခေါ်ထားပြီး နိုင်ငံတိုင်းက လိုအပ်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Coronavirus က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ဟုတ် မဟုတ်ဆိုတာကို
ကြာသပတေးနေ့မှာ ကျင်းပမယ့် အရေးပေါ် စည်းဝေးပွဲကနေ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ အဲဒီလို အရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ရင်တော့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ရမယ့် ကမ္ဘာ့ကျန်းမာရေး ကပ်ဘေးကြီးအဖြစ် သတ်မှတ်လိုက်ရာ ရောက်မှာပါ။
ဒီဗိုင်းရပ်ပိုးဟာ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ဗီယက်နမ်နဲ့ စင်္ကာပူတို့ အပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်က လူပေါင်း ၆၈ ယောက်လောက်ကို ကူးစက်နေတာပါ။ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံပြင်ပမှာ လူလူခြင်း ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိလာရတဲ့အတွက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေအကြား စိုးရိမ်မှုတွေ ပိုမို ကြီးထွားလာစေတာပါ။
အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း ဒီကိစ္စမှာ တရုတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“တရုတ်ပြည်က စတင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တရုတ်အစိုးရနဲ့ ကျနော်တို့ တိုင်ပင် ဆောင်ရွက်နေပါတယ်။ ဒီကိစ္စအတွက် တရုတ်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေသလို သမ္မတရှီနဲ့လည်း ကျနော် စကားပြောပြီးပါပြီ။ ကုန်သွယ်ရေးကိစ္စ အတွက် နှစ်ဘက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်ဆိုပေမယ့် တရုတ်နဲ့ ကျနော်တို့အကြားက ဆက်ဆံရေးဟာ ကာလအတော်ကြာကြာ အတွင်းမှာ အကောင်းဆုံး အနေအထားကို ရောက်နေပါတယ်။”
အခုချိန်အထိ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်ဟာ နည်းနေသေးတယ် ဆိုပေမယ့်လည်း ဒီထက် အဆပေါင်းများစွာ များနိုင်ခြေရှိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ပြောပါတယ်။
တရုတ်နိုင်ငံမှာ ရောက်နေကြတဲ့ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်လိုကြတဲ့ တိုင်းပြည်တွေအနေနဲ့ သူတို့သဘောနဲ့သူတို့ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ပြန်ခေါ်တဲ့သူတွေထံမှာ ဗိုင်းရပ်စ်ပိုး ပါလာနိုင်ခြေရှိတဲ့ အပေါ် ကြိုတင် ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း WHO အကြီးအကဲက ပြောပါတယ်။
Your browser doesn’t support HTML5
(Unicode)
Coronavirus ကိစ်စ WHO အရေးပေါျ အစညျးဝေးခေါျယူ