သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Coronavirus ပိုး ကူးစက္ ေသဆံုးသူအေရအတြက္ ပိုမ်ားႏုိင္ေၾကာင္း WHO ေျပာ


Coronavirus ပိုး ရွိသူဟု သံသရရွိသူကို ေဆးရံုသို႔ ပိုေဆာင္ေနစဥ္ (၂၀၂၀ ဇန္န၀ါရီလ ၂၂ ရက္ေန႔ )

(Zawgyi / Unicode)

တရုတ္ႏို္င္ငံအတြင္း အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ coronavirus ေရာဂါပိုးသစ္ ကူးစက္ခံရမႈနဲ႔ အဲဒီ ေရာဂါပိုးေၾကာင့္ ေသဆုံးခဲ့ရသူ အမွန္တကယ္ အေရအတြက္ဟာ အခုသိရွိထားတဲ့ အေရအတြက္ ထက္ ပိုမ်ားႏုိင္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ (WHO) က ေျပာပါတယ္။

ေနာက္ဆုံး ရထားတဲ့ သတင္းအခ်က္အလက္ေတြအရ ေသဆုံးသူ ၂၆ ဦးအပါအ၀င္ ေရာဂါကူးစက္ခံရမႈေပါင္း ၉၀၀ နီးပါး ရွိေနပါၿပီ။ Geneva ၿမိဳ႕ WHO ဌာနခ်ဳပ္က ဗီြအိုေအ သတင္းေထာက္ Lisa Schlein သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပထားပါတယ္။

အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ coronavirus ေရာဂါပိုးသစ္ ကူးစက္ျဖစ္ပြားမႈ အမ်ားစုနဲ႔ အသက္ေသဆုံးရမႈ အားလုံး ဟာ တရုတ္ႏုိင္ငံ အတြင္းမွာ ျဖစ္ခဲ့တာပါ။ ဒီ ေရာဂါ ကူးစက္ခံရသူေတြကို ေတြ႔ရွိတယ္လို႔ ေၾကညာခဲ့တဲ့ တျခားႏုိင္ငံေတြကေတာ့ အေမရိကန္ အပါအ၀င္ ႏုိင္ငံေပါင္း ၇ ႏုိင္ငံအထိ ရွိသြားျပီ ျဖစ္ပါတယ္။ အဲဒီ ႏုိ္င္ငံေတြက လူနာေတြကေတာ့ ေရာဂါ သိပ္ မျပင္းထန္လို႔ အားလုံး ျပန္လည္ သက္သာ ေကာင္းမြန္ လာေနၾကၿပီ ျဖစ္ပါတယ္။

ေသဆုံးသူဦးေရနဲ႔ ေရာဂါ ကူးစက္ျဖစ္ပြားမႈေတြအေပၚမွာ အေျခခံျပီး ဒီ coronavirus ပိုး ဘယ္ေလာက္ ျပင္းထန္မႈရွိသလဲဆိုတာ ေျပာဖို႔ ေစာလြန္းေနေသးတယ္လို႔ WHO ေျပာခြင့္ရ Tarik Jasarevic က ေျပာပါတယ္။

"အခုလို ေရာဂါမ်ိဳး စေတြ႕တဲ့အခ်ိန္မွာ ေရာဂါ ျပင္းျပင္းထန္ထန္ ခံစားရတဲ့ လူနာေတြအေပၚမွာပဲ ပိုျပီး ဂရုစိုက္ ၾကည့္မိတတ္ၾကတယ္။ အဲဒီ အခ်ိန္မွာ coronavirus ပိုး ကူးစက္ခံေနရျပီး ေရာဂါ မျပင္းထန္သူေတြလည္း ရွိေနႏုိင္တယ္။ သူတို႔တေတြ အနည္းအက်ဥ္းပဲ ဖ်ားတာ နာတာ ျဖစ္မယ္။ ျပီးေတာ့ ေရာဂါမစစ္ေဆးလုိက္ရဘဲ ျပန္ေကာင္းသြားႏုိင္တာေၾကာင့္ အဲဒီလို လူနာမ်ိဳးေတြကို ကၽြန္ေတာ္တို႔ လြတ္သြားႏုိင္တယ္ေလ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အခု အနီးကပ္ ေစာင့္ၾကည့္တဲ့အခါမွာ ေရာဂါ မျပင္းထန္ဘဲ ကူးစက္ေနသူေတြကိုလည္း ပိုၿပီး ေတြ႔လာဖို႔ မ်ားပါတယ္။"

WHO အေရးေပၚ က်န္းမာေရး ဌာနက ဒါရုိက္တာျဖစ္သူ Michael Ryan က pneumonia နမိုးနီးယားနဲ႔ အလားသဏၭာန္တူတဲ့ အခု ျဖစ္ပြားေနတဲ့ ေရာဂါသစ္အတြက္ ကုထုံး သတ္သတ္မွတ္မွတ္ မရွိေသးဘူးလို႔ ေျပာပါတယ္။

"အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ coronavirus ပိုးကို တိုက္ဖ်က္ရာမွာ အသုံးျပဳတဲ့ ဓာတ္ေပါင္း ေဆးေတြကေတာ့ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ဒါေပမဲ့ အဲဒီ coronavirus ပိုးကို ကုသရာမွာ ထိေရာက္မႈရွိတယ္ဆိုျပီး သတ္မွတ္လက္ခံထားတဲ့ ကုထုံးေတာ့ မရွိဘူး။ အဲဒီ အခ်က္က သိပ္ အေရးႀကီးတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ေဆး၀ါးေတြ ေဖာ္စပ္ျပီး ေဆးခန္းနဲ႔ ဓာတ္ခြဲခန္းမွာ စမ္းသပ္လိုက္ရင္ေတာ့ အေျဖေပၚမွာပါပဲ။ ဒါကိုပဲ ကၽြန္ေတာ္တို႔ အေလးေပး လုပ္ေဆာင္ေနပါတယ္။ ကုထုံးေတြကို ရွာေဖြ ေဖာ္ထုတ္ျပီး ေဆး၀ါးသစ္ေတြနဲ႔ စမ္းသပ္ဖို႔ အခြင့္အေရး ရလာမွာပါ။"

ၾကာသပေတးေန႔က က်င္းပခဲ့တဲ့ WHO ကၽြမ္းက်င္သူမ်ား ေကာ္မတီကေတာ့ coronavirus ပိုးကူးစက္ျပန္႔ပြားမႈကို ကမၻာတစ္၀န္း အေရးေပၚ အေျခအေနအျဖစ္ မေၾကညာေသးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီ ေရာဂါဟာ တရုတ္ႏုိင္ငံအတြင္း အေရးေပၚ အေျခအေနျဖစ္ေပမဲ့ ကမၻာ တ၀ွမ္း အေရးေပၚ အေျခအေနအျဖစ္ ေၾကညာဖို႔ေတာ့ အခ်ိန္မေရာက္ေသးဘူးလို႔ WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus ကေျပာပါတယ္။

ဒါေပမဲ့ ဒီ ေရာဂါ ကူးစက္ ျပန္႔ပြားမႈအေပၚ မူတည္ျပီး လိုအပ္လာရင္ေတာ့ WHO အေရးေပၚ အစည္းအေ၀း ေနာက္ထပ္တခု က်င္းပဖို႔ အဆင့္သင့္ ရွိေနေၾကာင္း WHO အၾကီးအကဲက ထပ္ၿပီး ေျပာၾကားသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

Coronavirus ပိုး ကူးစက် သေဆုံးသူအရေအတွက် ပိုများနိုင်ကြောင်း WHO ပြော

( Unicode)

တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက်ခံရမှုနဲ့ အဲဒီ ရောဂါပိုးကြောင့် သေဆုံးခဲ့ရသူ အမှန်တကယ် အရေအတွက်ဟာ အခုသိရှိထားတဲ့ အရေအတွက် ထက် ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ပြောပါတယ်။

နောက်ဆုံး ရထားတဲ့ သတင်းအချက်အလက်တွေအရ သေဆုံးသူ ၂၆ ဦးအပါအဝင် ရောဂါကူးစက်ခံရမှုပေါင်း ၉၀၀ နီးပါး ရှိနေပါပြီ။ Geneva မြို့ WHO ဌာနချုပ်က ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြထားပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက်ဖြစ်ပွားမှု အများစုနဲ့ အသက်သေဆုံးရမှု အားလုံး ဟာ တရုတ်နိုင်ငံ အတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒီ ရောဂါ ကူးစက်ခံရသူတွေကို တွေ့ရှိတယ်လို့ ကြေညာခဲ့တဲ့ တခြားနိုင်ငံတွေကတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံအထိ ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေက လူနာတွေကတော့ ရောဂါ သိပ် မပြင်းထန်လို့ အားလုံး ပြန်လည် သက်သာ ကောင်းမွန် လာနေကြပြီ ဖြစ်ပါတယ်။

သေဆုံးသူဦးရေနဲ့ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအပေါ်မှာ အခြေခံပြီး ဒီ coronavirus ပိုး ဘယ်လောက် ပြင်းထန်မှုရှိသလဲဆိုတာ ပြောဖို့ စောလွန်းနေသေးတယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic က ပြောပါတယ်။

"အခုလို ရောဂါမျိုး စတွေ့တဲ့အချိန်မှာ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတဲ့ လူနာတွေအပေါ်မှာပဲ ပိုပြီး ဂရုစိုက် ကြည့်မိတတ်ကြတယ်။ အဲဒီ အချိန်မှာ coronavirus ပိုး ကူးစက်ခံနေရပြီး ရောဂါ မပြင်းထန်သူတွေလည်း ရှိနေနိုင်တယ်။ သူတို့တတွေ အနည်းအကျဉ်းပဲ ဖျားတာ နာတာ ဖြစ်မယ်။ ပြီးတော့ ရောဂါမစစ်ဆေးလိုက်ရဘဲ ပြန်ကောင်းသွားနိုင်တာကြောင့် အဲဒီလို လူနာမျိုးတွေကို ကျွန်တော်တို့ လွတ်သွားနိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့ အခု အနီးကပ် စောင့်ကြည့်တဲ့အခါမှာ ရောဂါ မပြင်းထန်ဘဲ ကူးစက်နေသူတွေကိုလည်း ပိုပြီး တွေ့လာဖို့ များပါတယ်။"

WHO အရေးပေါ် ကျန်းမာရေး ဌာနက ဒါရိုက်တာဖြစ်သူ Michael Ryan က pneumonia နမိုးနီးယားနဲ့ အလားသဏ္ဌာန်တူတဲ့ အခု ဖြစ်ပွားနေတဲ့ ရောဂါသစ်အတွက် ကုထုံး သတ်သတ်မှတ်မှတ် မရှိသေးဘူးလို့ ပြောပါတယ်။

"အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ပိုးကို တိုက်ဖျက်ရာမှာ အသုံးပြုတဲ့ ဓာတ်ပေါင်း ဆေးတွေကတော့ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ coronavirus ပိုးကို ကုသရာမှာ ထိရောက်မှုရှိတယ်ဆိုပြီး သတ်မှတ်လက်ခံထားတဲ့ ကုထုံးတော့ မရှိဘူး။ အဲဒီ အချက်က သိပ် အရေးကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးဝါးတွေ ဖော်စပ်ပြီး ဆေးခန်းနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်လိုက်ရင်တော့ အဖြေပေါ်မှာပါပဲ။ ဒါကိုပဲ ကျွန်တော်တို့ အလေးပေး လုပ်ဆောင်နေပါတယ်။ ကုထုံးတွေကို ရှာဖွေ ဖော်ထုတ်ပြီး ဆေးဝါးသစ်တွေနဲ့ စမ်းသပ်ဖို့ အခွင့်အရေး ရလာမှာပါ။"

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ WHO ကျွမ်းကျင်သူများ ကော်မတီကတော့ coronavirus ပိုးကူးစက်ပြန့်ပွားမှုကို ကမ္ဘာတစ်ဝန်း အရေးပေါ် အခြေအနေအဖြစ် မကြေညာသေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ရောဂါဟာ တရုတ်နိုင်ငံအတွင်း အရေးပေါ် အခြေအနေဖြစ်ပေမဲ့ ကမ္ဘာ တဝှမ်း အရေးပေါ် အခြေအနေအဖြစ် ကြေညာဖို့တော့ အချိန်မရောက်သေးဘူးလို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။

ဒါပေမဲ့ ဒီ ရောဂါ ကူးစက် ပြန့်ပွားမှုအပေါ် မူတည်ပြီး လိုအပ်လာရင်တော့ WHO အရေးပေါ် အစည်းအဝေး နောက်ထပ်တခု ကျင်းပဖို့ အဆင့်သင့် ရှိနေကြောင်း WHO အကြီးအကဲက ထပ်ပြီး ပြောကြားသွားပါတယ်။

XS
SM
MD
LG