သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီ


(Zawgyi / Unicode)

တရုတ်နိုင်ငံမှာ Coronavirus ပျံ့ပွားမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုနောက်ဆုံး ၁၇ ယောက်အထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ သေဆုံးသူ အရေအတွက် သိသိသာသာ တိုးလာတာကိုတော့ တရုတ်ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဖော်ပြခဲ့တာပါ။

ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး အစိုးရမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေမှာတော့ သေဆုံးမှုတွေဟာ Hubei ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး၊ ပြည်နယ် ၁၃ ခုမှာ ကူးစက်မှု ဖြစ်ပွားနေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီကနေ့ အရေးပေါ် အစည်းအဝေး ခေါ်ယူထားပါတယ်။

တရုတ်နိုင်ငံ Wuhan မြို့က စတင်လိုက်တဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဟာ နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး ပြဿနာအဖြစ် ကြေညာသင့်မသင့် WHO က ဆုံးဖြတ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဗိုင်းရပ်စ်ပိုးသစ် ပျံ့ပွားမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၅ ယောက် အပါအဝင် လူပေါင်း ၄၄၀ ထက်မနည်း ကူးစက်ခံနေရပြီး တရုတ်နိုင်ငံထဲမှာ သာမက ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်နဲ့ အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ဝါရှင်တန် ပြည်နယ်မှာလည်း ပထမဆုံးအကြိမ် ကူးစက်ခံရသူ တဦးကို တွေ့ရှိခဲ့တာပါ။

တရုတ်နိုင်ငံ Wuhan မြို့ကနေ Seattle မြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြန်လာတဲ့ အမျိုးသားတဦးဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားခဲ့ရပြီးနောက် ဆေးရုံတင် ကုသပေးခဲ့ရကြောင်းလည်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတ Donald Trump ကတော့ ဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့မှုကို ရင်ဆိုင်ဖို့ အမေရိကန်မှာ အစီအစဉ် ရှိကြောင်းနဲ့ ရောဂါကူးစက်မှု ထိန်းချုပ်ရေးဌာနက ကျွမ်းကျင်ပညာရှင်တွေရဲ့ အရည်အချင်းကိုလည်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့ သတင်းစာရှင်းလင်းပွဲအတွင်း ချီးကျုးပြောဆိုခဲ့တာပါ။


တရုတ်နိုင်ငံက ကျန်းမာရေး အရာရှိတွေကတော့ ၂၀၁၉ ခုနှစ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ်နဲ့ ပတ်သက်လို့ များများစားစား မသိရကြောင်းလည်း ပြောပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့တဲ့ Wuhan မြို့က ပင်လယ်စာဈေးထဲမှာတော့ တခြားသားငါးတွေ၊ လင်းနို့တွေနဲ့ တောရိုင်းတိရစ္ဆာန် အသားတွေကိုလည်း ရောင်းချခဲ့ကြတာပါ။ တရုတ်အမျိုးသား ကျန်းမာရေး ဌာနကတော့ နမိုးနီးယားရောဂါတမျိုး ဖြစ်စေတတ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်ရုံ သာမက လူအချင်းချင်းပါ ကူးစက်နိုင်ကြောင်း မနေ့တုန်းကပဲ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက လေဆိပ်တွေမှာတော့ Wuhan မြို့ကလာတဲ့ ခရီးသွားတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိမရှိ စောင့်ကြည့် စစ်ဆေးနေကြတာပါ။ စနေနေ့မှာ စတင်မယ့် တရုတ်နှစ်သစ်ကူး ကာလမှာ တရုတ်နိုင်ငံမှာရော ပြည်ပမှာပါ သန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေ ခရီးသွားကြဖို့ ရှိနေတာကြောင့် ရောဂါပိုး ပျံ့နှံ့မှုတွေ ကြီးထွားလာမှာကိုလည်း ကျန်းမာရေး တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

...............

Coronavirus ကွောင့ျ သဆေုံးသူ ၁၇ ဦးရှိပွီ
(Zawgyi / Unicode)








XS
SM
MD
LG