သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Corona ဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာတိုးမြှင့်ပြင်ဆင် 


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လာရောက်တဲ့ ခရီးသွားများကို စက်ဖြင့် စစ်နေစဉ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လာရောက်တဲ့ ခရီးသွားများကို စက်ဖြင့် စစ်နေစဉ်

(Zawgyi / Unicode)

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် တိုးလာနေသလို၊ ပြည်ပနိုင်ငံတွေမှာပါ ကူးစက်မှုတွေ ရှိလာနေတဲ့အတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေသလို ကာကွယ်ရေး အစီအစဉ်တွေကိုလည်း တိုးမြှင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်သူ မတွေ့သေးပေမယ့် တရုတ်နှစ်သစ်ကူးပွဲ နီးကပ်လာတာနဲ့အမျှ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ Novel Coronavirus ရောဂါပိုးကူးစက်ခံရသူ ၂၉၁ယောက်ရှိနေပြီး၊ လူလေးဦးသေဆုံးခဲ့တယ်လို့ ဒီကနေ့ တရုတ်အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားပါတယ်။

ကူစက်နှုန်းမြန်ပြီး သေဆုံးမှုမြင့်တက်လာနေတဲ့ ဒီရောဂါပိုးနဲ့ပတ်သက်ပြီး ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ရုရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ ရေဆိပ်တွေအပြင် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေမှာ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလာမယ့် သောကြာနေ့ဆို တရုတ်နှစ်သစ်ကူးရောက်ပြီဖြစ်တာကြောင့် ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ပုံမှန်ထက် ပိုပြီးဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုက China Lunar Year နှစ်သစ်ကူးကလည်း ၂၅ရက်နေ့ဆိုရင် စတော့မယ်။ နှစ်သစ်ကူးမှာဆိုရင်လည်း မိသားစုလိုက် အသွားအလာတွေလည်း များတယ်ဆိုတဲ့အခါကျတော့ ကျမတို့အနေနဲ့ ဒါကတော့ ပိုဂရုစိုက်ရတော့မှာပေါ့နော်။”

အခုဖြစ်ပွားနေတဲ့ Coronavirus ရောဂါရဲ့ လက္ခဏာအများစုက ကိုယ်ပူပြီးဖျားတာ၊ အသက်ရှူကြပ်တာနဲ့ အဆုတ်နှစ်ဖက်လုံးရောင်နေတာ တွေ့ရတတ်ပြီး ရာသီတုတ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူတယ်လို့ဆိုပါတယ်။ ရောဂါပြင်းထန်လာရင်တော့ အဆုတ်ရောင်ရောဂါ၊ SARS နဲ့ MERS တို့အပြင် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၂ ခုနှစ်တုန်းက SARS လို့ခေါ်တဲ့ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ခဲ့ဖူးပြီး အာရှတိုက်အထိ ပျံ့နှံ့ခဲ့တာကြောင့် တနှစ်အတွင်းမှာ ရောဂါကူးစက်ခံရသူ ရှစ်ထောင်ကျော်ထဲက တထောင်နီးပါးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အခုဖြစ်နေတဲ့ Coronavirus ရောဂါပိုးဟာ လူအချင်းချင်းကူးစက်တတ်သလားဆိုတဲ့ သံသယကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့လည်း တိတိကျကျ မပြောနိုင်သေးဘဲ ရှာဖွေနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“WHO National Director နဲ့ Bloomberg မှာ ပြောထားတဲ့ဟာကို ကိုးကားပြီးတော့ ပြောမယ်ဆိုလို့ရှိရင်တော့ အခုလက်ရှိအနေအထားတော့ WHO မှာဆိုလို့ရှိရင် လူကနေ လူကိုကူးစက်တယ်ဆိုတဲ့ သက်သေတချို့လေးတွေတော့ ရထားပြီပေါ့နော်။ ဒါပေမယ့်လို့ သူတို့မှာ Clear Evidence မရှိသေးဘူး။ တကယ်ကို ဗိုင်းရပ်စ်က လူကိုကူးစက်နိုင်သလားဆိုတဲ့ Clear Evidence မရှိသေးဘူး။ ဒါကြောင့်မို့လို့ အခုထက်ထိမှာတော့ လူကလူကို ကူးစက်တယ်ဆိုပြီးတော့ မပြောနိုင်သေးဘူးပေါ့နော်။”

အခုဖြစ်နေတဲ့ Novel Coronavirus ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပေမယ့် ကြိုတင် ကာကွယ်နိုင်ဖို့အတွက်ကတော့ တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ပြီး တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ကြဉ်ရမှာပါ။

ကူးစက်နှုန်းမြင့်တက်နေတဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ သံသယလူနာ မတွေ့ရှိသေးပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ ခရီးသွားတွေအနေနဲ့ ကျမ်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် Website နဲ့ Myanmar CDC Facebook Page တို့က ထုတ်ပြန်တဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)












XS
SM
MD
LG