WikiLeaks တည်ထောင်သူကို ရာဇဝတ်မှု နဲ့ ကန်စွဲချက်သစ် တင်မည်

Julian Assange

အမေရိကန် သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သတင်းပေါက်ကြားမှုမှာ အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသူ WikiLeaks တည်ထောင်သူ Julian Assange အပေါ် ရာဇဝတ်မှု ဆိုင်ရာ စွဲချက်အသစ်တွေ တင်မယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Assange ဟာ အမေရိကန် အစိုးရရဲ့ ဂွာတာနာမို အကျဉ်ထောင်၊ အာဖဂန် နစ္စတန်နဲ့ အီရတ်စစ်ပွဲဆိုင်ရာ အစီရင်ခံစာတွေနဲ့ လှို့ဝှက် သတင်း အချက်အလက် တွေ ရယူပြီး Wikileak မှာ ဖော်ပြဖို့ အမေရိကန် တပ်သား Chelsea Manning နဲ့အတူ ပူးပေါင်း ကြံစည်ခဲ့တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဖက်ဒရယ် Grand Jury က သူ့ကို တရားစွဲဆိုထားပါတယ်။

လှို့ဝှက်သတင်းတွေ အများစု ပါဝင်တဲ့ သူရယူခဲ့တဲ့ သတင်း အချက်အလက်ထဲမှာ အာဖဂန်နဲ့ အီရတ်က အမေရိကန် တပ်ဖွဲ့တွေကို အဓိက သတင်းပေးပို့ သူတွေနဲ့ သတင်းထောက်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမည်တွေ ပါဝင်ခဲ့ပါတယ်။ ဒီ သတင်းတွေကို ဖော်ပြခဲ့တာဟာ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထိခိုက်ဖို့ သိပ် အန္တရာယ် ရှိခဲ့တယ်လို့ တရားစွဲဆိုသူ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Assange ဟာ ၂၀၁၂ ခုနှစ်ကတည်းက သူ ခိုလှုံနေတဲ့ ယူကေနိုင်ငံ လန်ဒန်မြို့က အီကွေဒေါ သံရုံးက နှင်ထုတ် ခံရပြီးနောက် ပြီးခဲံတဲ့ ဧပြီလက လန်ဒန်ရဲရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ ထိန်းသိမ်းခံနေရစဉ်မှာပဲ အမေရိကန်နဲ့ ဆွီဒင်နိုင်ငံတွေဆီကို လွှဲပြောင်း ပေးပို့ ခံရမယ့် အခြေအနေကိုလည်း ရင်ဆိုင်နေရပါတယ်။

Your browser doesn’t support HTML5

WikiLeaks တည်ထောင်သူကို ရာဇဝတ်မှု နဲ့ ကန်စွဲချက်သစ် တင်မည်