Wikileaks ထူထောင်သူ Julian Assange အီကွေဒေါသံရုံးက နှင်ထုတ်ခံရနိုင်ဟု သတင်းထွက်

WikiLeaks website ထူထောင်သူ Julian Assange (မေ၊ ၁၉၊ ၂၀၁၇)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ရှိ Ecuador သံရုံးမှာ ခိုလှုံနေတဲ့ WikiLeaks website ထူထောင်သူ Julian Assange ကို သံရုံးထဲကနေ နာရီပိုင်းအတွင်းမှာပဲ နှင်ထုတ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာလို့ သူ့ကိုဖမ်းဖို့ သံရုံးရှေ့မှာ ရဲတွေ အဆင်သင့်စောင့်နေကြပါတယ်။

အဆင့်မြင့်အရာရှိဆီကနေ ဒီသတင်းထွက်လာတယ်ဆိုပြီး WikiLeaks သတင်းဖောက်ချတဲ့ website ကနေ twitter စာမျက်နှာမှာ ရေးတင်လိုက်တာဖြစ်ပါတယ်။ စနေနေ့က ပြတဲ့ Video သတင်းတွေမှာတော့ အနီရောင်အုတ်နံရံတွေ လေသာဆောင်တွေနဲ့ သံရုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲရှိနေတာ တွေ့ရပါတယ်။

Julian Assange ဟာ ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက အဲဒီသံရုံးထဲမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဆီက စစ်ရေးနဲ့ သံတမန်ရေး လျှို့ဝှက်စာရွတ်စာတမ်းတွေ အင်တာနက်က တဆင့် ခိုးယူပြီး WikiLeaks website မှာ တင်လိုက်တာကြောင့် သူ့ကိုဖမ်းပြီး အမေရိကန်လက်ထဲအပ်မှာ စိုးရိမ်ရတဲ့အတွက် သူက Ecuador သံရုံးထဲ ဝင်ရောက်ခိုလှုံနေတာဖြစ်ပါတယ်။

ဒီလို ကောလဟာလတွေကို လိုက်ရှင်းမနေတော့ပါဘူးဆိုပြီး Ecuador နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

WikiLeaks ကတော့ တကယ်လို့သာ Julian Assange ကို သံရုံးကနေ အတင်းနှင်ထုတ်မယ်ဆိုရင် ဒါဟာ ဥပဒေနဲ့မညီဘဲ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

Wikileaks ထူထောင်သူ Julian Assange အီကွေဒေါသံရုံးက နှင်ထုတ်ခံရနိုင်ဟု သတင်းထွက်