(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေရဲ့ လွတ်လွပ်စွာ သတင်းရယူခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေး သိသိသာသာ ခြိမ်းခြောက်ခံ လာနေရပြီး မြန်မာ့သတင်းမီဒီယာကောင်စီ ဟာလည်း စစ်အုပ်ချုပ်ရေးကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်လာမယ့် အလားအလာတွေ တွေ့လာနေရတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ လောလောလတ်လတ် နုတ်ထွက်လိုက်တဲ့ မဝေမာသိမ့်က ပြောပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ အစိုးရ သတင်းဌာနတွေကလွဲလို့ တခြား ရုပ်သံသတင်းဌာနတွေ အတော်များများ ပိတ်ပင်ခံရတာ၊ ကန့်သတ်ခံရတာတွေ ရှိခဲ့ပြီး ဆန္ဒပြပွဲတွေကို သတင်းယူနေကြတဲ့ သတင်းသမားတွေ ဖမ်းဆီး ရိုက်နှက်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ သတင်းမီဒီယာကောင်စီ အနေနဲ့ တစုံတရာ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေ မရှိသလို၊ လက်ရှိ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်လို့ မဝေမာသိမ့်က ပြောပါတယ်။ မဝေမာသိမ့်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
မဝေမာသိမ့်ရေ...အခုလို အချိန်ပေးမေးမြန်းခွင့်ပေးတာ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲ အားကောင်းလာနေသလို၊ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်နိုင်ဘူးလို့ ဆိုပြီး အစိုးရဌာနတွေက ဝန်ထမ်းတွေလည်း အလုပ်မသွားဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာနေချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း မဝေမာသိမ့်တို့လို သတင်းမီဒီယာသမားတွေ ထဲမှာလည်း အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြလာကြတာ ရှိတယ်။ အခုဆိုရင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထဲကနေ ကောင်စီဝင်တချို့ နုတ်ထွက်တယ်လို့ ကြားရပါတယ်။ မဝေမာသိမ့်ကိုယ်တိုင်လည်း ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်စာ တင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအခြေအနေကို အရင်ဆုံး နည်းနည်းလောက် ရှင်းပြပေးပါလား။ ဘယ်လို အခြေအနတွေကြောင့် ဘာကြောင့် နုတ်ထွက်ခဲ့တာပါလဲ။
“ထွက်တာက ကျမ ကိုယ်တိုင်ကလည်း ဒီ အာဏာသိမ်းတာကို လက်မခံဘူး။ မကြိုက်ဘူး။ နောက်တော့ အခု ကျမတို့အနေနဲ့ ဒီကောင်စီက ဘာလုပ်နိုင်မလဲပေါ့နော်။ ကောင်စီက ဥပဒေ အခွင့်အရေး အရ ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်တဲ့အခါမှာ - အရှေ့မှာတုန်းကတော့ ကျမရဲ့စိတ်မှာက သတင်းသမားတွေ အကယ်၍များ ဖမ်းဆီးခံရတာ၊ ဖိနှိပ်ခံရတာ၊ ရိုက်နှက်ခံရတာ၊ သတင်းသမားတွေ အခွင့်အရေးတွေ ဆုံးရှုံးတာ၊ သတင်းလွတ်လပ်ခွင့်တွေ ထိပါးလာရင် ကျမအနေနဲ့ ကောင်စီရဲ့ ဥပဒေအရ ပေးထားတဲ့ပါဝါအရ ကျမတို့မှာ လုပ်ပိုင်ခွင့် နည်းနည်း ရှိခဲ့မယ်ဆိုရင်၊ ကျမတို့က အဲ့ဒီဟာကို အတွင်းစည်းထဲကနေ ကျမတို့ လုပ်လို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမ စောင့်ကြည့်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအာဏာသိမ်း အစိုးရကနေပြီးတော့ ပြန်ကြားရေးက စာပို့တယ်။ ကျမတို့ သတင်းမီဒီယာတွေကို ကျင့်ဝတ်တွေ ထိန်းကျောင်းပေးဖို့ဆိုတဲ့ဟာမျိုးကို စာပို့တာမျိုး ရှိခဲ့တယ်။ နောက်တခုက (စစ်အုပ်ချုပ်ရေးကောင်စီအကြီးအကဲ) မင်းအောင်လှိုင်ကနေပြီးတော့ ဒီသတင်းမီဒီယာကောင်စီကို အစိုးရမဏ္ဍိုင် အနေနဲ့ သူတို့အနေနဲ့ သဘောထားတယ်။ ပြီးရင်လည်း ကောင်စီကနေတဆင့် သတင်းမီဒီယာသမားတွေရဲ့ ကျင့်ဝတ်တွေကို ထိန်းကြောင်းသွားမယ် ဆိုတဲ့ဟာမျိုး ပြောတဲ့အခါမှာ ကျမ အနေနဲ့ လက်မခံနိုင်ဘူး။ ကောင်စီအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုတယ်။ သတင်းသမားတွေရဲ့ ဘယ်လိုအချက်တွေကိုပဲ ကျမတို့က လိုက်လုပ်မယ်။ ဘယ်လိုအရာတွေကို ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ဟာမျိုးကိုလည်း ကျမက ကောင်စီရဲ့ သဘောထား ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိချင်တယ်။ အဲ့ဒီအတွက်လည်း ရှေ့ရက်တွေမှာ ကျမက ကောင်စီကို ကောင်စီရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ စာနဲ့ ကောင်စီဝင်တွေ အကုန်လုံးကို မေးတယ်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ တစုံတရာ ဖြေကြားတာမျိုးပေါ့နော်။ အများစုက ဖြေကြားတာမျိုး မရှိဘူးဆိုတော့ ကောင်စီရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။ လုံလောက်တဲ့ရပ်တည်ချက် မဖြစ်သေးဘူးလို့ ကျမ အနေနဲ့ နားလည်တယ်။ နောက်ပြီးတော့ ရှေ့ဆက်မှာလည်း သတင်းသမားတွေရဲ့ လုံခြုံရေးကိုဖြစ်စေ၊ သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဖြစ်စေ ရှေ့ဆက်မှာ ကောင်စီဝင်တဦး အနေနဲ့တောင် ကူညီနိုင်ခွင့် အခွင့်အလမ်းဆိုတာ မရှိနိုင်ဘူး။ အဲ့ဒါကြောင့်မိုလို့ ကျမ အမြန်ဆုံး နုတ်ထွက်ဖို့ ပိုပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တာပါ။”
ဆိုတော့ မဝေမာသိမ့်ကတော့ အခု ကောင်စီကနေ နုတ်ထွက်စာ တင်ထားတယ်။ တခြား ကိုယ့်လိုပဲ အယူအဆရှိပြီး နုတ်ထွက်သူတွေရော ရှိပါလား။ ဒီ ဗုဒ္ဓဟူးနေ့တုန်း ကလည်း ကောင်စီမှာ စုံညီ အစည်းအဝေး လုပ်တယ်လို့ ကြားရပါတယ်။ ဒီအစည်းအဝေးကရော အခုကိစ္စတွေကြောင့်နဲ့ ဆိုင်ပါသလား။ မဝေမာသိမ့်ရော ဒီအစည်းအဝေးရော တက်ဖြစ်ခဲ့ပါလား။
''ဟုတ်ကဲ့ တက်တယ်။ စုံညီ အစည်းအဝေးပေါ့။ စုံညီ အရေးပေါ်အစည်းအဝေး လုပ်တယ်။ အဓိက ကတော့ ကောင်စီဝင်တွေအားလုံးရဲ့ သဘောထားကို မေးတာပေါ့။ တဦးချင်းစီရဲ့ သဘောထားပေါ့။ အဲ့ဒီအထဲမှာတော့ အပြန်အလှန် တဦးချင်းက ဘာကြောင့် ဆက်ရှိသင့်တယ်။ ဘာကြောင့်ထွက်မယ်ဆိုတာတွေကို တဦးချင်း ပြောကြတယ်။ အားလုံးရဲ့သဘောထားတွေ ယူပြီးတော့ တချို့လည်း ဆက်ပြီး ကောင်စီမှာ ရှိနေတဲ့သူ ရှိမယ်။ ထွက်လိုက်တဲ့ သူတွေလည်း ရှိတယ်ပေါ့။ အဲဒါအပေါ်မှာရော တစုံတခု ထပ်ပြီးတော့ ဆုံးဖြတ်တာတော့ မရှိဘူး။ ဒီအစည်းအဝေးမှာတော့ ထွက်ကြမယ်ဆိုတာကို နုတ်အားဖြင့် တရားဝင်ပြောကြတယ်။ ပြောကြတဲ့အထဲမှာ စုစုပေါင်းတော့ ကျမ အခု သိတာတော့ ၁၄ ယောက်ပေါ့နော်။ ထွက်လိုက်တာပေါ့နော်။”
နုတ်အားဖြင့် ထွက်မယ်ပြောကြတယ်ဆိုတော့ နောက်ပိုင်း တရားဝင်ထွက် စာတင်တဲ့ အပိုင်းတော့ ရှိဦးမှာပေါ့။
“အခုလောလောဆယ် ဒီနေ့အထိ ကျမ သိတာတော့ ၅ ဦးရှိတယ်ပေါ့နော်။ တိုက်ရိုက် သူတို့အဖွဲ့အစည်းကို ကောင်စီရုံးအဖွဲ့ကို တခြားနည်းလမ်းတွေနဲ့ ပေးပို့တာမျိုး ရှိခဲ့မရှိခဲ့တော့ ကျမ အဲ့ဒါ သေချာမသိဘူး။ ကျမ သိထားတာတော့ လောလောဆယ် တရားဝင် စာနဲ့ အကြောင်းကြားပေးပို့ထား တာတော့ ၅ ဦးရှိတယ်။”
ဒါက တရားဝင်စာတင်ထားတဲ့သူတွေပေါ့နော်။ စောစောကပြောတဲ့ နုတ်အားဖြင့် ထွက်မယ်လို့ ပြောထားတဲ့သူ အရေအတွက်အရ ဆိုရင်ကတော့ ဒါက ကောင်စီဝင်အများစု နုတ်ထွက်တဲ့သဘောပေါ့။
“စုစုပေါင်း ကျမတို့က ၂၆ ယောက်ပေါ့။ (စဖွဲ့ချိန်မှာ) ၃၀ ရှိတာမှာ ကဗျာအစုအဖွဲ့က တယောက်က အစကတည်းက မပါဘူး။ နောက်တယောက်က မသူဇာ ကလည်း ထွက်သွားပြီးပြီ။ အရင်ကတည်းက ထွက်သွားပြီးပြီ ဆိုတော့ ၂၈ ယောက်ကျန်တယ်။ ဒီအထဲမှာ သေဆုံးသွားတာ ၂ ယောက်ရှိတယ်။ ကောင်စီဝင် ဒေါက်တာမြင့်မောင်မောင် နဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ရှိတယ်။ ဆိုတော့ စုစုပေါင်းကျန်တာ ၂၆ ယောက်ပေါ့။ ၂၆ ယောက်မှာ အခုထွက်မယ်ဆိုပြီး နုတ်အားဖြင့် ဆွေးနွေးကြတယ်။ တချို့လည်း စာတွေတင်ပြီးပြီပေါ့နော်။ အဲ့ဟာက အခုက ၁၄ ယောက်လောက် ရှိတယ် ဆိုတော့ အဲ့ဒီမှာတင် အများစုပေါ့။ ကျန်တဲ့ဟာက ကျမထင်တယ် ၁၂ ယောက်လောက်ပေါ့။ ကျန်တဲ့သူတွေက တချို့လည်း အစည်းအဝေးလည်း မပါကြဘူး။ မပါကြတော့ အဲ့ဒီလူတွေရဲ့ သဘောထားတော့ ဒီနေ့မှာ မဆွေးနွေးဖြစ်ဘူး။ အများစုကတော့ လက်ရှိ အာဏာသိမ်းကောင်စီနဲ့ ဆက်ပြီးတော့ မလုပ်ချင်တာပေါ့။ သတင်းသမားတွေရဲ့ အခွင့်အရေးကို ဆက်ပြီးတော့ လုပ်နိုင်မယ့်ဟာမျိုး မမြင်တော့တဲ့အတွက် ဆက်ပြီး မလုပ်နိုင်တော့ဘူးလို့ ပြောပြီး ထွက်ကြတယ်။”
ဒီလို နုတ်ထွက်သွားတဲ့သူတွေ ရှိသလို၊ ဆက်ပြီးကျန်နေမယ့်သူတွေလည်း ရှိနေတယ်ဆိုတော့ သတင်းမီဒီယာ ကောင်စီအနေနဲ့က ဘယ်လိုပုံစံနဲ့ ဆက်ရှိသွားမှာလဲ။ ဆက်ရှိနေတဲ့သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။
“တချို့ ဆွေးနွေးတဲ့အထဲမှာတော့ ဒီအဖွဲ့အစည်းက ရှိသင့်တယ်။ ဘာဖြစ်လို့ ဆက်ပြီးရှိသင့်လဲဆိုတော့ သတင်းသမားတွေရဲ့ အခွင့်အရေးကိုဖြစ်စေ၊ သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ဖြစ်စေ ဒီအဖွဲ့က ဆက်ပြီးတော့ သွားနေဖို့လိုတယ်။ အတွင်းစည်းကနေပြီးတော့ ကိုယ်လိုချင်တဲ့ဟာကို တောင်းဆိုနေဖို့ လိုတယ် ဆိုတဲ့ဟာမျိုး ရပ်တည်ချက်မျိုးနဲ့ ဆွေးနွေးသူတွေလည်း ရှိတယ်။ အဲ့ဒီလိုဟာမျိုးကို ကျမတို့ အနေနဲ့ကတော့ ဒါက ဆက်ပြီးတော့ သွားနိုင်တဲ့ အနေအထားမျိုး မေ ျှာ်လင့်စရာ ဘာမှမရှိဘူး။ မရှိတဲ့အတွက် ကျမတို့ထွက်မယ်။ ကျမရဲ့ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်ခိုင်မာမာချပြီးတော့ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ တဦးချင်းစီရဲ့ သဘောထား ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်ပါဆိုပြီး ကျမတို့ ပြောပါတယ်။ တချို့က အရင်တုန်းကတော့ ဒီအဖွဲ့အစည်း တခုလုံးကို ထွက်တာမျိုးကို လက်မခံဘူးဆိုတဲ့ ဆွေးနွေးချက်မျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျမတို့က ဒါ တဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲ့ဒါကို လေးစားပြီးတော့ ကျမတို့ ကတော့ ဒါ ဥပဒေအရလည်း ဒါက ပေးထားပြီးသား။ ကျမတို့က ထွက်ခွင့်ရှိတယ်။ ဘယ်သူကမှ ဒါကို မထွက်ပါနဲ့လို့လည်း တားပိုင်ခွင့် မရှိဘူး။ ဥပဒေအရ ပေးထားပြီးသား ဖြစ်တယ်ဆိုတော့ အဲ့ဒီရပ်တည်ချက်နဲ့ ကျမတော့ အဲ့ဒါပြောပြီး ထွက်ခဲ့တာပါ။”
ဒီအတိုင်းဆိုရင် ကောင်စီဝင်အများစုကလည်း ထွက်မယ်လို့ပြောထားကြတယ်ဆိုတော့ ကောင်စီအနေနဲ့ ရှေ့ဆက် ဘယ်လိုရှိသွားမယ့် အခြေအနေပါလဲရှင့်။
“ကောင်စီမှာက လက်ရှိမှာ ကျမတို့က ဥပဒေအရ အခုလက်ရှိ အာဏာသိမ်းကောင်စီကနေ ဥပဒေတွေကို စိတ်ကြိုက် လိုသလိုပြင်နိုင်၊ ပြဌာန်းနိုင်တဲ့၊ ပယ်ဖျက်နိုင်တဲ့ အာဏာရှိပြီးသား ဖြစ်တဲ့အတွက် အခုလက်ရှိ မပြည့်စုံဘူးလို့ပြောတဲ့ သတင်းမီဒီယာဥပဒေတောင် ပြင်ဆင်လာနိုင်တယ်။ အဲ့ဒီအခါကျတော့ အခု ကောင်စီက လူအများစုထွက်တယ်။ ရှိနေတဲ့လူဦးရေနဲ့ နောက်ထပ် အခုကျန်မှာက တော်တော်ကြီးကို နည်းတယ်။ နည်းတယ်ဆိုတာက ကျမတို့ ဥပဒေအရ ဆိုရင် ကောင်စီဝင် ၁၅ ဦးအောက်အထိ လျော့နည်းသွားပြီ ဆိုရင် ၂ လအတွင်း ပြန်ရွေးချယ်ရမယ်ပေါ့နော်။ ဖြစ်လာနိုင်တာက အကယ်၍များ ကျမတို့ အခုလိုမျိုး ၁၄ ယောက်လုံးက ထွက်မယ်ဆိုရင် တကယ်ကျန်မှာက ၁၂ ယောက်ပဲ လောလောဆယ် ရှိမယ်။ ဒါဆိုရင် လက်ရှိဥပဒေအရ ဒါကို ပြန်ပြီးတော့ ရွေးကောက်တင်မြှောက်ရမယ့် အနေအထားမျိုးရှိတယ်။ အဲ့ဒါမျိုးဆိုရင် ထပ်ပြီးတော့ ဥပဒေတွေ ပြင်ဆင်လာနိုင်မယ့် အနေအထားမျိုးကိုလည်း ကျမတို့ တွေ့ရတယ်။ အဲ့ဒီလိုမျိုးဆိုရင် လိုသလို ပြင်ဆင်လာရင် ကောင်စီဟာလည်း နောက်ထပ် တခြားလူတွေ ထပ်ရောက်လာနိုင်တယ်။ တခြားလူတွေဆိုတာ ကျမတို့ တကယ် သတင်းသမားတွေရဲ့ အခွင့်အရေးတွေ၊ သတင်းသမားတွေရဲ့ လုံခြုံမှုတွေကို အကာအကွယ်ပေးနိုင်တဲ့သူတွေ ဟုတ်ချင်မှလည်း ဟုတ်နိုင်မယ်။ အဲ့ဒီလိုမျိုးလူတွေ ထပ်ရောက်လာရင်တော့ သေချာတယ် ကျမတို့ ကောင်စီဟာ လက်ရှိအာဏာသိမ်းကောင်စီရဲ့ လက်ကိုင်တုတ်။ ဒါမှမဟုတ် အာဏာသိမ်းကောင်စီက အကောင်အထည်ဖော်စေချင်တဲ့ ဟာမျိုးတွေ ဖြစ်လာမယ်။ လက်ရှိဥပဒေကလည်း မပြည့်စုံဘူး။ ဒါပေမဲ့ အဲ့ဒီထက်ပိုပြီးဆိုးရွားတဲ့ ဥပဒေတွေ ဖြစ်လာမယ်ဆိုရင်တော့ ကောင်စီကလည်း သတင်းသမားတွေရဲ့ အခွင့်အရေးတို့၊ သတင်းသမားတွေ ကာကွယ်စောင့်ရှောက်ခွင့်တို့ ဘာမှလုပ်နိုင်မယ့် အနေအထားမျိုးကို မတွေ့ရတော့ဘူးပေါ့နော်။ ရှေ့လေ ျှာက်မှာ အဲ့ဒီလိုမျိုးပဲ ဆက်ရှိလာနိုင်တဲ့ အနေအထားမျိုးကို တွေ့နေရတယ်ပေါ့။”
ဆိုတော့ စစ်အုပ်ချုပ်မှုသာ ဆက်ရှိနေမယ်ဆိုရင် ရှေ့လေ ျှာက် သတင်း မီဒီယာတွေ ရဲ့ လွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ လုံခြုံရေးတွေက ဘယ်လောက်အထိ ဆိုးလာနိုင်ဖွယ် ရှိနေပါလဲ။
“ကျမတို့ အခု မြစ်ကြီးနားအခြေအနကိုပဲ ကြည့်ကြည့်၊ မန္တလေး အခြေအနေကိုပဲ ကြည့်ကြည့် အခုတောက်လေ ျှာက် ဖြစ်နေတဲ့ အခြေအနေမှာ သတင်းသမားတွေကို ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ တချို့ မီဒီယာတွေရဲ့ အိမ်တွေကို ရှာဖွေတာ၊ နှောက်ယှက်တာတွေ ရှိတယ်။ တချို့ဆိုရင် မီဒီယာသမားတွေ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိတယ်။ အခု လက်ရှိအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် သေချာတာကတော့ မီဒီယာတွေကို ဒီ့ထက်ပို ဖိနှိပ်မယ်ဆိုတာ မြင်သာထင်သာ ရှိနေပြီ။ အခုလက်ရှိ သူတို့ပြဌာန်းလိုက်တဲ့ ပြင်ဆင်လိုက်တဲ့ ဥဒေတွေကလည်း မီဒီယာသမားတွေကို တိုက်ရိုက်ထိတယ်။ မီဒီယာသမားတွေရဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်၊ လွတ်လပ်စွာ သတင်းဖော်ပြခွင့်တွေ အပေါ်မှာ လုံး၀ ကန့်သတ်ထားပြီး ချုပ်နှောင်ထားပြီ။ ဒါတွေနဲ့ တခုမဟုတ် ကျမတို့ သတင်းမီဒီယာ သမားတွေက ဖော်ပြတာနဲ့ အချိန်မရွေး တရားစွဲ ခံရနိုင်တယ်။ ဖမ်းဆီးခံရနိုင်တဲ့ အနေအထားမျိုးတွေ ရှိတဲ့အခါကျတော့ ရှေ့လေ ျှာက်မှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ပိုပြီးတော့ တဖြည်းဖြည်းနဲ့ ပိုပြီး လျော့နည်းသွားဖို့ပဲ အလားအလာ မြင်တယ်။ အကယ်၍များ အခုလက်ရှိ အာဏာသိမ်း ကောင်စီက မရှိတော့ဘဲနဲ့ နောက်ထပ် ဒီမိုကရေစီအစိုးရ ဖြစ်လာရင်တော့ မပြောတတ်ဘူး။ အခု သူတို့ကာလမှာတော့ သတင်းသမားတွေက ဖိနှိပ်ခံရမယ်။ ဖမ်းဆီးခံရမယ်။ သတင်းမီဒီယာတွေ အပိတ်ခံရမယ်။ ခြိမ်းခြောက်ခံရမယ်။ နည်းမျိုးစုံနဲ့ တရားစွဲခံရမယ်ဆိုတာ ဒီအလားအလာတွေက လုံး၀ သုံးသပ်လို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။"
ဟုတ်ကဲ့ မဝေမာသိမ့်။ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။
Your browser doesn’t support HTML5
===============================================
[Unicode Version]