သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုအပေါ် အမျိုးသမီးတွေရဲ့အမြင်


(Zawgyi/Unicode)

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော် အစည်းအဝေး ပထမဆုံး ခေါ်ယူမယ့်နေ့မှာပဲ မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက်တဲ့အတွက် ပြည်သူအများ အံအားသင့် တုန်လှုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲစာရင်း ကွာဟမှုတွေ ကြီးကြီးမားမား ရှိခဲ့တာကို ရွေးကောက်ပွဲ ကော်မရှင်နဲ့အစိုးရက ဖြေရှင်း ဆောင်ရွက်မပေးဘဲ၊ လွှတ်တော် အစည်းအဝေးတွေကို အစီအစဉ်အတိုင်း ကျင်းပဖို့ ဆောင်ရွက်တာဟာ နိုင်ငံတော် အချုပ်အချာအာဏာကို အဓမ္မ ရယူတာဖြစ်တယ်လို့ ဆိုပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီး၊ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ တာဝန်ယူပြီး ကာလုံအစည်း အဝေးခေါ်၊ အရေးပေါ် အခြေအနေကြေညာပြီး တိုင်းပြည်ရဲ့ အချုပ်အချာ အာဏာသုံးရပ်လုံးကို ကာကွယ်ရေးဦးစီးချုပ်ကို လွှဲပြောင်း ပေးအပ်တယ်ဆိုပြီး တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။ မြန်မာစစ်တပ်က သူတို့အနေနဲ့ အာဏာကို လိုအပ်တဲ့အတွက် လွှဲပြောင်းယူတာလို့ ပြောပေမဲ့ နိုင်ငံတကာနဲ့ ပြည်သူအများစုကတော့ ဒါကို စစ်အာဏာသိမ်းမှုအဖြစ် ပြောဆိုကြပါတယ်။ စစ်တပ်က ခုလို တိုင်းပြည်အာဏာ သိမ်းယူလိုက်တာနဲ့ပတ်သက်လို့ အမျိုးသမီးတချို့ရဲ့အမြင်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလ ၁ ရက်နေ့မှာပဲ တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် ပြည်သူအများစုက မကျေမနပ် ဖြစ်နေကြပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်တာကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးလို့ သတင်းသမားတဦးဖြစ်တဲ့ မဝေမာသိမ့်က ပြောပါတယ်။

“အခုလိုမျိုး စစ်တပ်ကနေပြီးတော့ စစ်အာဏာသိမ်းတာကို ကျမအနေနဲ့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ အခု ဒီမိုကရေစီနည်းလမ်းအရ စေ့စပ် ညှိုနှိုင်းတာတွေ ပြေလည်အောင် ညှိုနှိုင်းဆောင်ရွက်တာတွေ လုပ်လို့ရသားနဲ့ တိုင်းပြည်မှာလည်း သူတို့ အာဏာသိမ်းရလောက်အောင် ဆူပူအုံကြွမှု ဘာမှမရှိဘူး။ မရှိသေးချိန်မှာ အကြောင်းပြချက် ခိုင်လုံခြင်းမရှိဘဲ နဲ့ အာဏာသိမ်းတာကို လက်မခံပါဘူး။ ပြည်သူတယောက်အနေ လက်မခံသလို မီဒီယာသမား တယောက်အနေနဲ့လည်း လက်မခံပါဘူး။”

မြန်မာစစ်တပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း ၁၀ သန်းကျော် ရှိတယ်လို့ အထောက်အထား မပြဘဲ ပြောဆိုခဲ့ပြီး အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ စစ်တပ်က စွပ်စွဲသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ တုံ့ပြန် ပြောဆိုထားပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစီအစဉ်မကျတဲ့ မှားယွင်းမှုတွေ၊ လိုအပ်ချက်တွေ ရှိခဲ့တယ်ဆိုတာ မှန်ပေမဲ့လို့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲ ပစ်နိုင်လောက်တဲ့ မဲ မသမာမှုမျိုးတော့ မရှိခဲ့ဘူးလို့ ပြောဆိုကြပါတယ်။ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်ဟာ ခိုင်လုံမှုမရှိသလို၊ ဒီအချက်က အာဏာသိမ်းဖို့အတွက် အကြောင်းပြချက်လည်း မဟုတ်ဘူးလို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မခင်လေးငယ်က ပြောပါတယ်။

“ကျမတို့ကတော့ ဒါကို လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီကို တည်ဆောက်တယ်။ ဒီရွေးကောက်ပွဲမှာ ဆိုရင်လည်း ကျမတို့က စောင့်ကြည့်လေ့လာတဲ့ အနေနဲ့လည်း ပါတော့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေကတော့ မတိကျတာ မှန်ပေမဲ့ သူတို့ စွပ်စွဲနေသလောက်ကြီးလည်း မဟုတ်သလို၊ ရလဒ်က လူထုရဲ့ တကယ့် ရွေးကောက်ပွဲနေ့မှာ မဲရေတွက်မှု ပုံစံတွေ၊ မဲပေးဖို့မှာ လက် မှင်တို့ထားတဲ့စနစ်တွေအရ ဒါက လူထုရဲ့ဆန္ဒ အမှန်ဖြစ်တယ်ဆိုတာကို ကျမတို့က သုံးသပ်လို့ရတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒါကို အကြောင်းရှာ ရမယ်ရှာပြီးတော့ အာဏာသိမ်းတာကိုတော့ လုံး၀ လက်ခံလို့မရဘူး။ ကျမတို့က ကျမတို့နိုင်ငံ ဒီမိုကရေစီစနစ်နဲ့သွားမှ ဖွံ့ဖြိုးမယ်ဆိုတာကို ယုံကြည်နေတဲ့အချိန်မှာ ဒီစစ်အာဏာရှင် လက်အောက်ကို ပြန်မကျဖို့တော့ ကျမတို့က အများကြီး ဆက်ကြိုးစားရမှာပေါ့နော်။ ဘယ်လိုမှတော့ လက်မခံနိုင်ဘူးဆိုတာကတော့ သေချာတဲ့အချက်ပါ။”

ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှား၊ ပြည်သူ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး လက်နက်အင်အားနဲ့ အာဏာသိမ်းတာဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာဖြစ်လို့ လက်မခံနိုင်ဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတဦး ဖြစ်တဲ့ မသက်သက်အောင်ကလည်း ပြောပါတယ်။

“စစ်အာဏာသိမ်းတဲ့အပေါ် ဘယ်လိုမြင်လဲဆိုရင်တော့ ဒါက လက်ရှိ အစိုးရကို အာဏာသိမ်းခြင်း ဖြစ်တယ်။ ဒီ စစ်အာဏာသိမ်းမှုသည် သူတို့ရဲ့ အခြေခံဥပဒေအရ အာဏာသိမ်းတယ်ဆိုတာသည်လဲ အခြေခံဥပဒေအရ အာဏာသိမ်းမှု မမြောက်ဘူး။ ပြီးတော့ ရွေးကောက်ပွဲရဲ့ ရလဒ်ပေါ့။ ဒါဟာ လေးစားရမယ်။ တန်ဖိုးထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူလူထုတွေရဲ့ဆန္ဒမဲတွေဖြစ်တယ်။ ပြည်သူ လူထုကနေ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးထားတဲ့ ရွေးကောက်ပွဲရလဒ်ကိုလေးစားဖို့ တန်ဖိုးထား ဖို့လိုအပ်တယ်။ အဲ့အတွက် စစ်အာဏာသိမ်းမှုကို လုံး၀ ရှုတ်ချတယ်။ ကန့်ကွက်ပါတယ်ရှင့်။”

ဒါကတော့ အလုပ်သမားရေး ဦးဆောင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ မသက်သက်အောင် ပြောသွားတာပါ။ စစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး ထိန်းသိမ်းထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးသင့်တယ်လို့လည်း မသက်သက်အောင်က ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ ကျမတို့က ရွေးကောက်ပွဲရလဒ်အတိုင်း ဆက်လက်လုပ် ဆောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲ့ဒီအတွက်ကတော့ အခုလက်ရှိဆွေးနွေးညှိုနှိုင်းမှုတွေကို လုပ်ဖို့လိုအပ်တယ်။ လက်ရှိချိန်အထိမှာလဲ ပြည်သူလူထုရဲ့ သဘောထားဆန္ဒသည် ကျမတို့ရဲ့ သမ္မတသည် ကျမတို့ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကြီးဦးဝင်းမြင့် ဖြစ်တယ်။ လက်ရှိမှာ စစ်အာဏာသိမ်း အစိုးရကနေ ဖွဲ့နေသော အစိုးရအဖွဲ့တွေကိုလည်း ကျမတို့ပြည်သူတွေ ဘယ်သူမှ အသိအမှတ်မပြုပါဘူး။ အဲ့ဒီအတွက် လက်ရှိအာ ဏာသိမ်းထားတဲ့ စစ်အစိုးရအနေနဲ့ ပြန်ပြီးတော့ ခေါင်းဆောင်တွေနဲ့ ညှိုနှိုင်းဆွေးနွေး ပေးဖို့နဲ့ နောက်တခုကတော့ ဖမ်းဆီးထားတဲ့ ပြည်သူလူထုတွေရဲ့ ခေါင်းဆောင်တွေကို ပြန်ပြီးတော့ အမြန်ဆုံးလွှတ် ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာပြည်သူတွေအားလုံးရဲ့ သဘောဆန္ဒတွေ ဖြစ်နေပါတယ်။”

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ တင်းမာမှုတွေနဲ့ ပြဿနာတွေ ရှိနေတယ်ဆိုရင်တောင်မှ ခုလို အာဏာသိမ်းတဲ့နည်းနဲ့မဟုတ်ဘဲ၊ ခေါင်းဆောင်တွေကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်တယ်လို့ မဝေမာသိမ့်ကလည်း ပြောပါတယ်။

“ကျမကတော့ တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ဖြစ်စေချင်တယ်။ အခုနိုင်ငံသားအားလုံးက စိုးရိမ်တဲ့ပူပန်မှုတွေ အမျိုးမျိုး ဖြစ်နေတယ်။ အဲ့ဒီကြားထဲမှာ ကောလဟာလ မျိုးစုံကြောင့်လူတွေက ပိုပင်ပမ်း ဆင်းရဲတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကို လူတွေရဲ့ သောကတွေက အရမ်းများနေတယ်။ လူတွေရဲ့စိတ်ဖိစီး မှုကလည်း ပိုပြီးတော့ တဖြည်းဖြည်း မြင့်တက်လာတယ်။ အဲလိုချိန်မှာ ကျမကတော့ တိုင်းပြည်ကိုအေးချမ်းတဲ့ အများပြည်သူ လိုလားတဲ့ ပုံစံမျိုးနဲ့ပဲ ဖြစ်စေချင်တယ်။ အဲလို ဖြစ်အောင်လဲ နိုင်ငံသားတဦးအနေနဲ့ မေတ္တာ ရပ်ခံချင်တာက ကျမတို့ ခေါင်းဆောင်အသီးသီး ကနေပြီးတော့ တိုင်းပြည်ကိုမျက်နှာမူပြီးတော့ တိုင်းပြည်က ပြည်သူပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုကို မျက်နှာမူပြီးတော့ အကောင်းဆုံး ညှိုနှိုင်းဖြေရှင်း ဆောင်ရွက်စေချင်ပါတယ်။ အခု အများပြည်သူလိုလားတဲ့ ဒီမိုကရေစီကို သွားနေတာ၊ ကျမတို့နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အခု ရောက်တယ်လို့ ပြောတာမှာမှ မြည်ကာမတ္တပဲ ရှိသေးတယ်။ ဘယ်လောက်မှ မကြာသေးချိန်မှာပဲ ခုလို စိုးရိမ်သောကပူပန်မှုတွေ ထပ်ဖြစ်ရတယ်။ အဲဒါမျိုးကို အခု လက်ရှိအာဏာသိမ်းထားတဲ့ အစိုးရကော အာဏာသိမ်းထား သူတွေကော ပြည်သူ့ အစိုးရလို့ပြောတဲ့ လက်ရှိထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေအားလုံး ညှိနှိုင်း ဆောင်ရွက်ပေးပါ။ ပြည်သူတွေမျက်နှာကို ရှေးရှုပြီးတော့၊ တိုင်းပြည်ရဲ့အနာဂတ်ကို ရှေးရှုပြီးတော့၊ ကျမတို့ တိုင်းပြည်ကလေးတွေကို မျက်နှာမှုပြီးတော့ အငြိမ်းချမ်းဆုံးနည်းနဲ့ အမြန်ဆုံးညှိုနှိုင်းဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။”

မခင်လေးငယ် ကတော့ နိုင်ငံအွတွင်း ကိုဗစ်ကပ်ဘေးနဲ့အတူ နောက်ဆက်တွဲ လူမှု စီးပွား အကျပ်အတည်းတွေ ကြုံနေရချိန်မှာ ခုလို အာဏာသိမ်းမှုဟာ ပြည်သူ အားလုံး အတွက် အများကြီး ဆုံးရှုံး နစ်နာစေတယ်လို့ ပြောပါတယ်။

“အဓိက အရင်ဆုံးကတော့ ကျမတို့တွေက အခု လက်ရှိဆိုရင် ကိုဗစ် ထိန်းချုပ်နေတဲ့ အခြေအနေမှာ ဒီ ကိုဗစ် ကာကွယ်ဆေး အခုမှ ပထမအကြိမ် ထိုးထားတဲ့သူတွေကလည်း ဒုတိယအကြိမ် ဆက် ထိုးနိုင်ပါ့မလား။ နောက် ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေချိန်မှာ၊ သူတို့တွေက ဘယ်လိုပဲ ဒါတွေကို ဆက်လုပ်သွားမယ်ပဲ ပြောပြော ဒါတွေက အချိန်နဲ့ တပြေးညီ အစီအစဉ်တကျ ချိတ်ဆက်ပြီး လုပ်ရမယ့် ဟာတွေ ဖြစ်တဲ့အတွက် ဒီ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ အရင်ဆုံး ထိခိုက်တယ်ပေါ့။ နောက်တခါ ဆိုရင် ကျမတို့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖွံ့ဖြိုးစ နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမယ့်ဟာတွေလည်း အခုဆိုလို့ရှိရင် လတ်တလော ရပ်သွားတာမျိုးတွေ ရှိတယ်။ အဲ့တော့ စီးပွားရေးလည်း ထိခိုက်မယ်။ အလိုလိုမှ ကိုဗစ်ကြောင့် စီးပွားရေးကို ပြန်ကြိုးစားနေရမယ့်အချိန်မှာ ဒီစစ်အာဏာသိမ်းခံလိုက်ရတဲ့ နိုင်ငံ အနေနဲ့ကတော့ ကျမတို့ ကမ္ဘာ့အလယ်မှာ အရမ်းနစ်နာပါတယ်။ အဲ့ဒါကတော့ မြင်သာတဲ့အချက်။ နောက် လူတွေရဲ့ စိတ်ထဲမှာ ဒါ မတရားအနိုင်ကျင့်လို့ရသလား ဆိုတဲ့ဟာမျိုးတွေ ကလည်း လူတွေရဲ့စိတ်ကို ထိခိုက်စေတယ်ဆိုတော့ အဲ့ဒါမျိုးတွေကလည်း ကျမတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေပေါ့။ နောက် ကျမတို့တွေ ဆိုရင် အမျိုးသမီး အခွင့်အရေး လုပ်နေတဲ့ အဖွဲ့တွေ အနေနဲ့ တိုင်းပြည်က စစ်အာဏာရှင်စနစ်အောက် ရောက်သွားပြီဆိုရင်တော့ ကျမတို့အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ ပါဝင်ခွင့်တို့ ဘာတို့ဆိုတာ အရမ်း အလှမ်းဝေးသွားပြီပေါ့နော်။ ဒါကတော့ ကျမတို့နဲ့သက်ဆိုင်တဲ့ ဆုံးရှုံးမှုတွေပေါ့။”

ဒီလိုဆုံးရှုံးမှုတွေ ဆက်မကြုံရအောင် ပြည်သူတွေကပဲ ကြိုးစားကြရမှာ ဖြစ်တယ်လို့လည်း မခင်လေးငယ်က ပြောပါတယ်။

“ကျမတို့တွေက ဒီစစ်အာဏာရှင် အောက်မှာဆိုရင်တော့ ကျမတို့တွေရဲ့ မျိုးဆက်တွေလည်း ဘယ်လိုမှ လူလုံးမလှနိုင်ဘူးဆိုတာကို သိတဲ့အခါကျတော့။ အခုဆိုရင် တကယ့် လူငယ်လေးတွေ၊ အရင်အာဏာရှင်စနစ်မှာတောင်မှ မွေးခါစလောက်ပဲရှိမယ့် လူငယ်လေးတွေကအစ ဒီအာဏာရှင်စနစ် ဖြစ်လာရင်တော့ သူတို့အနာဂတ် မကောင်းနိုင်ဘူး ဆိုတာကို သူတို့သိနေကြတယ်လေ။ အဲ့ဒီလိုမျိုး ဆိုတဲ့အခါကျတော့ လူတွေက စိတ်ဓာတ်ကျတယ်၊ ကြောက်တယ်၊ မသိနားမလည်ဘူး။ သူတို့လုပ်သမ ျှ ခံမယ် ဆိုတာမျိုးတော့ မရှိပါဘူး။ သို့သော် ကျမတို့ အချိန်အဆက် မိမိနဲ့ ဗျူဟာကျကျ ဘယ်လို တုံ့ပြန်နိုင်မလဲဆိုတာတော့ ကျမတို့ စဉ်းစားဖို့တော့ လိုပါတယ်။ အဲ့ဒါကတော့ တော်တော် ကြိုးစားရမယ်ထင်တယ်ရှင့်။ အဓိက ကတော့ ကျမတို့ နည်းလမ်းတွေကတော့ မတူကြဘူးပေါ့နော်။ သို့သော် အများစု အားလုံးမှာ တူညီတာကတော့ စစ်အာဏာရှင်အောက်မှာ ဘယ်လိုမှ ကျမတို့တိုင်းပြည် တိုးတက်မှာမဟုတ်ဘူး။ ကျမတို့ မျိုးဆက်တွေလည်း လူလုံးမလှဘူးဆိုတာကို အကုန်လုံးက ယုံကြည်တဲ့အတွက် ဒါကို ပြုပြင်ဖို့တော့ ကြိုးစားနေကြတယ်။ သိုသော်လည်း နည်းဗျူဟာကျကျနဲ့ အချိတ်အဆက်မိမိဖြစ်အောင် ကြိုးစားကြရပါမယ်။”

လတ်တလောမှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြောင်းပြတဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ နေရာ အတော်များများမှာ ပေါ်ပေါက်လာနေပါတယ်။ နေအိမ်တွေမှာ ဖယောင်းတိုင်မီးထွန်းတာနဲ့ သံပုံးတီးတာလို မကျေနပ်ကြောင်းပြကြတာတွေ အပြင် ကျန်းမာရေးဝန်ထမ်းတွေ အဓိက ဦးဆောင် လှုပ်ရှားနေတဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာရှင်ကို ဆန့်ကျင်အန်တုတာတဲ့ Civil Disobedience campaign တွေလည်း အရှိန်မြင့်လာနေတာကိုကြည့်ရင် ပြည်သူအများစုက အာဏာရှင်ကို မလိုလားတာကတော့ ထင်ရှားနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင့်။

တိုက်ရိုက် လင့်ခ်

============================================


















XS
SM
MD
LG