အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြနေတဲ့ ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမား စုပေါင်းသပိတ်က ဆန္ဒပြအလုပ်သမားတွေ ရန်ကုန်မြို့တော် ခန်းမကို ချီတက်ချိန် အင်းစိန်မြို့နယ်ထဲမှာ အလုပ်သမားတွေကို ရဲလုံခြုံရေးတွေဘက်က အင်အားသုံး ဖြိုခွဲလိုက်ပါတယ်။
ဒီလိုအင်အားသုံးချိန် သတင်းသမားတချို့လည်း အထိန်းသိမ်း ခံခဲ့ရပါတယ်။ ဒီလိုနှိမ်နှင်းမှုတွေနဲ့ တင်းမာနေတဲ့ အလုပ်သမားသပိတ်ကို ပြေလည်နိုင်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းပါလို့ ရန်ကုန်တိုင်း အလုပ်သမားရေးရာဝန်ကြီးက မေတ္တာရပ်ခံသလို အကြမ်းဖက်ဖြေရှင်းရုံနဲ့ အလုပ်သမားတွေရဲ့ ပြဿနာက ပြေလည်မှာမဟုတ်ဘူးလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။ ရန်ကုန်အလုပ်သမားသပိတ် နောက်ဆုံးရ အခြေအနေတွေကို မဆုမွန် က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့လတွေကတည်းက အခြေခံလုပ်အားခလစာ တိုးမြှင့်ပေးရေးနဲ့ အခြေခံ လုပ်အားခလစာ တရားဝင် သတ်မှတ်ပြဋ္ဌာန်းပေးရေး ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်တွင်းမှာ စက်ရုံ ၃ ရုံက အလုပ်သမားတွေ စုပေါင်းပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေတာပါ။ ဒီကနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန် သပိတ်စခန်းကနေ ရန်ကုန်မြို့တော်ခန်းမကို အလုပ်သမားတွေ ချီတက်ဆန္ဒပြနေချိန်မှာပဲ အင်းစိန်မြို့နယ် ဆောက်လုပ်ရေးနဲ့ ဒညင်းကုန်းကားမှတ်တိုင်ကြားမှာ ရဲလုံခြုံရေးတွေဘက်က တားမြစ်ခဲ့တဲ့အတွက် အလုပ်သမားတွေက ထိုင်သပိတ် ဆင်နွှဲနေချိန် ဖြစ်ပါတယ်။ ညနေ ၅ နာရီခန့်မှာတော့ ဆန္ဒပြအလုပ်သမားတွေကို ရဲလုံခြုံရေးတွေဘက်က အင်အားသုံး ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားတွေ ထွက်ပြေးနေချိန်အတွင်းမှာပဲ ဗွီအိုအေကို အခုလို သူတို့က ပြောပြပါတယ်။
“ဒညင်းကုန်းလမ်းဆုံ ဆောက်လုပ်ရေးမှတ်တိုင်နားမှာ အခု ရဲတွေလိုက်ဖမ်းနေလို့ ထွက်ပြေးနေရတယ်။ ဟုတ်ကဲ့ အခြေအနေကတော့ ကျမတို့ ရဲတွေနဲ့ ရပ်ကွက်ကလူတွေနဲ့ အကုန်ဝိုင်းရိုက်ပြီးတော့ ဖမ်းဆီးသွားပါတယ်။ ဆောက်လုပ်ရေးမှတ်တိုင်မှာပါရှင့်။ အဲ့မှာ ရိုက်နှက်ပြီး ဖမ်းနေကြပါတယ်။”
မေး။ ။ ဟုတ်ကဲ့။ ဘယ်နှစ်ယောက်လောက်များ ဖမ်းဆီးခံရပါလဲရှင့်။
ဖြေ။ ။ “အဲဒါတော့ ပြောလို့မရဘူး။ ဘယ်နှစ်ယောက်လည်းဆိုတာ ပြောလို့မရပါဘူး။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း အလုပ်သမား အခွင့်အရေး တောင်းဆိုသူတွေကို ရဲလုံခြုံရေးတွေဘက်က အခုလိုမျိုး အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းမှုတွေရှိခဲ့ပြီးတော့ အလုပ်သမားခေါင်းဆောင်တချို့ အဖမ်းခံခဲ့ရပါတယ်။
ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကတော့ သူ့အနေနဲ့ ဒီကနေ့ ညနေ ၄ နာရီအထိ ထိုင်သပိတ်ဆင်နွှဲနေတဲ့ အလုပ်သမားတွေ ရှိတဲ့နေရာအထိ ဝင်ရောက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ အလုပ်ရှင်-အလုပ်သမားကြား ပြေလည်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းကြပါလို့လည်း အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က မေတ္တာရပ်ခံပါတယ်။
“မြို့ထဲကို ဆန္ဒပြတက်လာတော့ အဲ့ဒါ ကျနော် ၄ နာရီ ၈ မိနစ်အထိ အဲ့ဒီမှာရှိခဲ့တယ်။ အဲ့ဒီအချိန်မှာ ရဲတွေကတော့ မြို့ထဲကို မလာဖို့ တားထားတာပေါ့နော်။ တားထားတော့ သူတို့ သံလမ်းထိပ် ဘေးနားက ဘန်နာပင်အောက်နဲ့ မီးရထားဌာန ဝန်ထမ်းဟောင်းများနေတဲ့ မီးရထားဌာနဝင်းထဲက အိမ်မှာ ဝင်ထိုင်နေတာ တွေ့ခဲ့တယ်။ အဲ့လိုမျိုးတွေ့ခဲ့တော့ ကျနော်ကတော့ ၄ နာရီ ၈ မိနစ်အထိ ဘယ်လိုများ ညှိနှိုင်းပေးရမလဲ။ ကျနော်စောင့်ခဲ့သေးတယ်။ ၄ နာရီ ၈ မိနစ်လောက်အထိကတော့ အေးအေးဆေးဆေးပဲ။ လမ်းမှာတော့ အခုမှကြားတယ်။ ကျနော်တို့ဘက်က ညှိနှိုင်းဆောင်ရွက်ပေးတာတော့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ ညှိနှိုင်းဆောင်ရွက်ပေးတာက အလုပ်ရှင်တွေဘက်ကလည်း ခေါင်းအရမ်းမာတယ်။ အလုပ်သမားတွေဘက်ကလည်း ခေါင်းမာတယ်။ ဘယ်လိုမှ ညှိလို့မရဘူး။ ဒါ ရန်ကုန်တိုင်းဒေသကြီးက တနိုင်ငံလုံးရဲ့ GDP ၇၀ လေ။ နောက်ပြီး တနိုင်ငံလုံးရဲ့ ကုန်စည်စီးဆင်းမှုရဲ့ ၈၀ ရာခိုင်နှုန်းက ရန်ကုန်တိုင်းက သွားနေတာ။ ရန်ကုန်တိုင်းမှာ ဒီလိုမျိုး ဆူဆူပူပူ ဖြစ်လို့ရှိရင် လမ်းပေါ်မှာထွက်ပြီး ဆန္ဒပြ။ လမ်းတွေပိတ်ဆို့ပြီးဖြစ်သွားရင် ပုဒ်မ ၁၄၄ တွေထုတ်။ Aid to the Civil Power တွေဘာတွေ အမိန့်တွေ ထုတ်ရပြီဆိုရင် ရန်ကုန်မြို့က ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားမယ်။ နောက် မကြာခင်မှာ မတ်လ ၁၁ ရက်နေ့မှာ ၁၀ တန်းစာမေးပွဲတွေ ဖြေရတော့မယ်။ အဲ့ဒီအတွက် ကျနော်တို့က ဒီအချိန်ဒီအခါမှာ ကျနော်တို့က ဆူဆူပူပူ ဆန္ဒပြတာတွေ မလုပ်ဘဲနဲ့ ကိုယ်တောင်းဆိုစရာရှိတာကို ဥပဒေဘောင်ထဲက တောင်းဆို။ အပေးအယူလုပ်၊ လုပ်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း အလုပ်ဝင်လုပ်၊ အလုပ်ဝင်လုပ်လို့ အလုပ်ရှင်စီးပွားတိုးတက်လာရင် ကျနော်တို့တွေက လစာထပ်ပြီး တိုးတောင်းပေးမယ်။ အဲ့လိုမျိုးပဲ ကျနော် ဖြစ်စေချင်ပါတယ်။”
အလုပ်သမားတွေရဲ့ တောင်းဆိုဆန္ဒပြနေတာကို ဒီလိုအာဏာပိုင်တွေဘက်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းရုံနဲ့ ပြဿနာတွေက ပြေလည်မှာမဟုတ်ဘဲ နှစ်ဘက် ယုံကြည်မှု တည်ဆောက်ပြီး ပြေလည်အောင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ဖြေရှင်းသင့်တယ်လို့ အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မအိရွှေစင်ညွန့်က အကြံပြုပါတယ်။
“အလုပ်သမား ၅၀ ကျော်က အမျိုးသမီးတွေချည်းပဲ။ ကန်ပြီးတော့ ထိုးကြိတ်ပြီးတော့ ရဲလို့ပဲ တချို့တွေက ယူဆတယ်။ ဒါပေမဲ့ စွမ်းအားရှင်လို့ အများစုက ယူဆကြတယ်။ အဲ့ဒီလူတွေကပဲ ရိုက်နှက်ပြီးတော့ အခုပဲ ကားပေါ်တင်သွားတယ်။ ကားပေါ်တင်သွားတာများ တကယ်ကို ရုန်းရင်းဆန်ခတ်တင်သွားတာ။ အလုပ်သမားတွေ ဘာတောင်းဆိုသလဲဆိုတာကို အမက အချက်အလက်တွေ သေသေချာချာ မေးတဲ့အခါမှာ အလုပ်သမားတွေက သူတို့ရဲ့လုပ်ခလစာကိုပဲ တောင်းဆိုတာ။ အလုပ်သမားတွေက သူတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေကိုပဲ တောင်းဆိုတာဖြစ်တယ်။ ဒါကို အခုလိုမျိုး အကြမ်းဖက်ပြီး နှိမ်နင်းတဲ့ကိစ္စကိုတော့ အမတို့က ဒီမှာ Labor Rights နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရကိုယ်တိုင်က Convention တွေကို လက်မှတ်ထိုးထားတာ။ ဒါကို မြန်မာအစိုးရကိုယ်တိုင်က တိတိကျကျ ချိုးဖောက်နေတာဖြစ်တယ်။ အောက်ခြေက လုပ်တယ်ဆိုပေမဲ့ အောက်ခြေကို အချိန်မီ တားမြစ်ဖို့တော့ လိုအပ်တယ်။ အလုပ်သမားထုကို အခုလို အကြမ်းဖက်ပြီးတော့ နှိမ်နင်းတဲ့အတွက် ဒီထက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အုပ်ချုပ်တဲ့လူတန်းစားတွေဘက်က သေချာစဉ်းစားဖို့တော့ လိုအပ်တယ်။”
အခုလို ဆန္ဒပြနေတဲ့ သပိတ်မှောက် အလုပ်သမားတွေနဲ့ ရဲလုံခြုံရေးတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာပဲ သတင်းရယူနေတဲ့ သတင်းသမားတချို့ပါ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ အထိန်းသိမ်းခံလိုက်ရတဲ့ သတင်းသမားတွေကို ရဲလုံခြုံရေးတွေဘက်က သူတို့အနေနဲ့ သတင်းသမားတွေကို မှားယွင်းထိန်းသိမ်းမိကြောင်း ခံဝန် လက်မှတ်ထိုးခိုင်းတဲ့အတွက် မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုမြင့်ကျော်ထံကို သတင်းသမားတွေနဲ့ ရဲမှူးက ဆက်သွယ်လာတဲ့ အနေအထား ကိုမြင့်ကျော် က ဗွီအိုအေမြန်မာပိုင်းကို အခုလို ရှင်းပြပါတယ်။
“နှစ်ယောက်ပါ။ တစ်ယောက်ကတော့ 7 Days က ဓာတ်ပုံသတင်းထောက် ကိုနစ်ကီပါ။ နောက်တယောက်ကတော့ DVB က ကိုမျိုးဇော်လင်းပေါ့။ သူတို့နှစ်ယောက်ပါ။ စောစောကတော့ အဖမ်းခံရတယ်ဆိုတဲ့ သတင်းထောက် နှစ်ယောက်ထဲက တစ်ယောက်က ဖုန်းဆက်လာတယ်။ သူတို့ကို ရဲစခန်းမှာ စစ်ကြောရေးနေရာရောက်တော့ သူတို့က သတင်းထောက်တွေ ဖြစ်နေတော့ သူတို့ကို မှားယွင်း ဖမ်းဆီးတယ်ဆိုတာမျိုးနဲ့ သူတို့ကို ပြန်လွှတ်ပေးမယ်လို့ ပြောတယ်။ တခုပဲ သူတို့ကို မှားယွင်းဖမ်းဆီးမိတယ်ဆိုတဲ့ အကြောင်းမှတ်ချက် အဲ့လိုမျိုးမှာ လက်မှတ်ထိုးဖို့ သတင်းထောက်က အဲ့တာကို မရှင်းလင်းတော့ ကျနော့်ကို လှမ်းဆက်ပြီးတော့ မေးတော့ ဖုန်းပေးတော့ ပြောလိုက်တယ်။ သူတို့ရေးတဲ့မှတ်ချက်၊ ဘယ်လိုရေးမယ်ဆိုတာ ပြောတော့ အဲ့တာဆို လက်ခံနိုင်တဲ့ သဘောရှိပါတယ်လို့ အဲ့ဒီ သတင်းထောက်နှစ်ယောက်ကို ပြန်ပြောတာပေါ့နော်။ အဲ့ဒါနဲ့ ကိုမျိုးဇော်လင်း က အဲ့ဒါဆို ကျနော်တို့ လုပ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတယ် စောစောလေးကပဲ။”
ဆန္ဒပြအလုပ်သမား အပါအဝင် ဘယ်နှစ်ယောက် အဖမ်းဆီး အထိန်းသိမ်းခံရသလဲဆိုတာ သိရှိနိုင်ဖို့ အင်းစိန်မြို့နယ် ရဲစခန်းကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ တာဝန်ကျရဲအရာရှိက အခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းမှုတွေ မရှိသေးပါဘူးလို့ ငြင်းဆိုပါတယ်။